ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, October 7, 2010

တိုယိုတာ ကုမ္ပဏီ မြန်မာပြည် ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်း


ရန်ပိုင်
စစ်အစိုးရနှင့် ဖက်စပ်လုပ်ကိုင် နေသည့် မြန်မာ ဆူဇူကီးကား ထုတ်လုပ်ရေး လုပ်ငန်းတွင် တိုယိုတာ ကားကုမ္မဏီကြီး၏ ကုမ္ပဏီခွဲ တခုဖြစ်သော Toyota Tsusho Corp (TTC) က ဆက်လက် ရင်းနှီးမြုပ်နှံတော့မည် မဟုတ်ကြောင်း သိရသည်။


ဖေဖော်ဝါရီ လဆန်းက ဂျပန်နိုင်ငံ နာဂိုရာမြို့ရှိ ပြခန်းတွင် ၀န်ထမ်းတဦးကို တိုယိုတာ ကုမ္ပဏီ အမှတ် တံဆိပ် ရှေ့၌ တွေ့ရစဉ်။ တိုယိုတာ ကုမ္ပဏီက စစ်အစိုးရနှင့် ဖက်စပ်လုပ်ကိုင်နေသည့် အစုရှယ်ယာကို ရောင်းချခဲ့ကြောင်း သိရသည် (ဓာတ်ပုံ - Reuters/Kim Kyung-Hoon)
ထို TTC ကုမ္ပဏီသည် တိုယိုတာ ကားကုမ္ပဏီကြီးမှ ထုတ်လုပ်သည့် ပစ္စည်းများကို ဖြန့်ဖြူး ရောင်းချပေးသည့် ကုမ္ပဏီ တခုဖြစ်ပြီး မြန်မာနိုင်ငံရှိ ဆူဇူကီး ကားထုတ်လုပ်မှု လုပ်ငန်းတွင် အစုရှယ်ယာ ၂၀ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံမှု ပြုလုပ်ထားသည်ဟု ယမန်နေ့က ရိုက်တာ သတင်း တရပ်တွင် ဖော်ပြထားသည်။

အမေရိကန် အခြေစိုက် သိက္ခာရှိသည့် ရင်းနှီးမြုပ်နှံမှု ကုမ္မဏီများဖြစ်သော Trillium ကုမ္မဏီနှင့် Domini Social Investment ကုမ္ပဏီတို့၏ ဖိအားပေးမှုကြောင့် ယခုအခါ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံထားသည့် ရှယ်ယာများကို ပြန်လည် ရောင်းချလိုက်ပြီ ဖြစ်သည်ဟုလည်း သတင်း၌ ရေးသားထားသည်။

တိုယိုတာ ကားကုမ္ပဏီ၏ ဒု ဥက္ကဋ္ဌ ဂျိမ်းစ် ၀ိုက်စ်မန်းက“ဆက်သွယ်ရေး ရုံးတရုံး ဖွင့်ထားတာကလွဲပြီး အဆက်အဆံမရှိတော့ပါဘူး” ဟု ဆိုသည်။

ထို့အပြင် တိုယိုတာကုမ္ပဏီနှင့် ဆက်စပ်နေသည် အဖွဲ့အစည်းများ အနေဖြင့် မည်သည့်စီးပွားရေး လုပ်ငန်းမှ စစ်အစိုးရနှင့် တိုက် ရိုက် ဆက်ဆံခြင်းမရှိပါကြောင်း အစုရှယ်ယာဝင်များကို ရှင်းပြခဲ့သည်။

အဆိုပါ TTC ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ တဦးကလည်း ထိုသို့ ဆက်ဆံမှု မရှိတော့သည်မှာ ဟုတ်မှန်ကြောင်း ပြောသည်။

စစ်အစိုးရကို စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ထားသည့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ နိုင်ငံများမှ ကုမ္ပဏီများမှာ မြန်မာ နိုင်ငံတွင် ရင်းနှီးမြုပ်နှံခွင့် မရရှိပေ။ ယခုအခါ အာရှတိုက်နိုင်ငံများမှ ကုမ္ပဏီတချို့လည်း မြန်မာပြည်တွင် ရင်းနှီး မြုပ်နှံခြင်းမှ တဖြည်းဖြည်း ပြန်လည်ထွက်ခွာနေပြီဖြစ်ကြောင်း သိရသည်။

ယင်းဆူဇူကီး ကုမ္ပဏီနှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာနတို့ ၁၉၉၈ ခုနှစ်မှ စ၍ ဂျပန်နိုင်ငံမှ တင်သွင်းလာသည့် ကားပစ္စည်း အစိတ် အပိုင်း များကို ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်တွင် ပြန်လည်တပ်ဆင်ပြီး ဆူဇူကီးကားများကို ပူးပေါင်း ထုတ်လုပ်ခြင်းဖြစ် သည်။

ထို့အပြင် ဖြန့်ဖြူးရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများကိုလည်း လုပ်ကိုင်သည့်အပြင် ရင်းနှီးမြုပ်နှံမှု၏ ၇၀ ရာခိုင်နှုန်းကို ဂျပန် ကုမ္ပဏီမှ လည်ကောင်း ကျန် ၃၀ ရာခိုင်နှုန်းကို စစ်အစိုးရမှလည်းကောင်း ရင်းနှီးမြုပ်နှံသည်။

ပထမအဆင့် အမေရိကန်ဒေါ်လာ ၆.၇ သန်း စတင်ရင်းနှီးမြုပ်နှံခဲ့သည်။ ယင်း မြန်မာ- ဆူဇူကီး ဖက်စပ်လုပ်ငန်းသည် ကားများ အပြင် မော်တော်ဆိုင်ကယ်များကိုပါ ထုတ်လုပ်ရောင်းချသည်။

၁၉၉၈ ခုနှစ်မှ ၂၀၀၃ ခုနှစ် သြဂုတ်လအထိ အဆိုပါ ဆူဇူကီးကော်ပိုရေးရှင်းက စစ်အစိုးရကို အခွန်ငွေ အမေရိကန်ဒေါ်လာ ၁.၇ သန်း ပေးဆောင်ခဲ့သည်ဟု ၂၀၀၄ ခုနှစ်ထုတ် မြန်မာတိုင်းမ် သတင်းစာ တစောင်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ဆူဇူကီးအမျိုးအစားများမှာ SUZUKI Wagon Plus အမျိုးအစား လူစီးယာဉ်များနှင့် အသေးစား ကုန်တင်ယာဉ် အမျိုးအစား Mini Truckကားများအပါအ၀င် Viva အမျိုးအစား ဆိုင်ကယ်များလည်း ထုတ်လုပ်သည်။

မြန်မာနိုင်ငံတွင် SUZUKI Wagon Plus ကားတစီး၏ တန်ဖိုးမှာ မြန်မာငွေ ကျပ်သိန်း၂၂၀ ခန့် ဖြစ်ပြီး Mini Truck ယာဉ်မှ မြန်မာ ငွေ ကျပ်သိန်း ၁၁၀ ခန့် ဖြင့် ရောင်းချသည်။

ဆူဇူကီးကုမ္မဏီသည် မြန်မာပြည်ဈေးကွက်တွင် ၂၀၀၆ ခုနှစ်အထိ ကားအစီးရေ ၁၂၀၀၀ ထုတ်လုပ်ခဲ့ပြီး တရားဝင်လိုင်စင် ရရှိခြင်း၊ အပိုပစ္စည်းပေါများခြင်းတို့ကြောင့် လူကြိုက်များသည်ဟု ၀ယ်ယူ သုံးစွဲသူများက ပြောဆိုကြသည်။

ဆူဇူကီး ကားနှင့် ဆိုင်ကယ်များ ဖြန့်ဖြူးရောင်းချရေးကို မြန်မာပြည် ဖွား တရုတ်လူမျိုး Mr Surge Pun ခေါ် ဦးသိန်းဝေ ၏ SPA Motorcycle Ltd မှ ဖြန်ချိကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများစွာ ရင်းနှီးမြုပ်နှံနေသည့် ဦးသိန်းဝေ သည် ၎င်းတည် ထောင်ထားသည့် ရိုးမ ဘဏ် နှင့်ချိတ်ဆက်ကာ ယခင်က ဆူဇူကီး ကားနှင့် ဆိုင်ကယ်များကို အကြွေးစနစ်ဖြင့် ရောင်းချပေးခဲ့ဖူး ကြောင်း သိရသည်။

No comments:

Post a Comment