ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, October 26, 2010

လိုင်ဇာဈေးမီး ကျပ်သိန်း ၃ သောင်းကျော် ဆုံးရှုံး

မီးကိုအားကြိုးမာန်တက် ကြိုးစားငြိမ်းသတ်နေသော ဒေသခံများ (www.kachinnet.net)


ဖနိဒါ (မဇ္ဈိမ)
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ အမှတ် ၁ ဈေး ယနေ့နံနက် မီးလောင်ခဲ့ရာ ကျပ်သိန်း ၃ သောင်းကျော် ဆုံးရှုံးကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အဆိုအရ သိရသည်။

အထည်အလိပ်၊ အလှပြင် ပစ္စည်းများ၊ ဆေးဆိုင်များ၊ အိုးခွက်ရောင်းဆိုင်နှင့် ရွှေဆိုင်များ အပါအဝင် ဆိုင်ခန်းပေါင်း ၁ဝ၆ ခန်း လောင်ကျွမ်းသွားပြီး၊ လူနေအိမ် ၉ လုံးနှင့် ရပ်ကွက် (၂) ရယက ရုံးတရုံး မီးထဲပါသွားသည်ကို ဒေသဆိုင်ရာ အာဏာပိုင် ကေအိုင်အိုက ဆုံးရှုံးမှုတန်ဖိုးကို ခန့်မှန်းပြောဆိုခြင်း ဖြစ်သည်။

’’ဆုံးရှုံးမှု တန်ဖိုးက ဗမာငွေ ကျပ် သိန်းပေါင်း ၃
သောင်းကျော်လောက်လို့ ကျနော်တို့ ခန့်မှန်းထားတယ်’’ ဟု လိုင်ဇာမြို့ချုပ်ရေးမှူးနှင့် မီးဘေးကယ်ဆယ်ရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး နော်အောန်က ပြောသည်။

ယမန်နေ့ည သန်းခေါင်ယံ ၁၂ နာရီခွဲမှ ယနေ့နံနက် ၃ နာရီအထိ မီးလောင်ခဲ့ရာ ဒေသတွင်း မီးသတ်ကားများ လာရောက်ငြှိမ်းသတ်ခဲ့ကြသည်။

တရုတ်ဇနီးမောင်နှံ၏ အထည်အလိပ်ဆိုင်ခန်း နံပါတ် C-7 မှ စတင်မီးလောင်ကြောင်း မီးဘေးသင့် ဆိုင်ရှင်များက ပြောဆိုကြသည်။

“တရုတ်လင်မယားနှစ်ယောက်က အမွှေးတိုင်ထွန်းထားတာ။ အမွှေးတိုင်ကနေ ကူးစက်ပြီးတော့ မီးလောင်တယ်လို့ ကျနော်တို့ သိထားတယ်” ဟု လိုင်ဇာဒေသခံတဦးက ပြောသည်။ သို့သော် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

တရုတ်နိုင်ငံသားဖြစ်သူ ၎င်းဇနီးမောင်နှံမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဖမ်းဆီးအရေးယူပေးရန် တရုတ်နိုင်ငံခြား ဆက်ဆံရေးရုံး၊ အုပ်ချုပ်ရေးရုံး၊ နယ်စပ်ကုန်သွယ်ရေး ရုံးများသို့ ကေအိုင်အိုက အကြောင်းကြားခဲ့သည်။

မီးဘေးဒုက္ခသည်များ ခိုလှုံမည့်နေရာနှင့် ကျန်းမာရေးဆိုင်ရာ အကူအညီပေးရန်အတွက် ကေအိုင်အိုက ကယ်ဆယ်ရေး ကော်မတီတရပ်ကို ယနေ့ ဖွဲ့စည်းသည်။

ဆိုင်များ၌ပင် နေထိုင်သဖြင့် လူပါ မီးဘေးဒုက္ခသည်ဖြစ်သူ ၆၇ ဦးကို လိုင်ဇာဟိုတယ်၊ ကချင်နှစ်ချင်း ခရစ်ယာန် ဘုရားကျောင်းဝင်းနှင့် လိုင်ဇာမြို့ အထက်တန်းကျောင်းတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်ထားပြီး ကေအိုင်အိုက ကျပ်သိန်း ၁ဝဝဝ ထောက်ပံ့မည်ဟု ဆိုသည်။

မီးလောင်မှုနှင့် တိုက်ဆိုင်စွာပင် ယနေ့တွင် ကေအိုင်အို၏ နှစ် ၅ဝ ပြည့် အခမ်းအနားကို လိုင်ဇာမြို့ မနောကွင်းရှိ ဆင်ပရောမဂျွယ် Sinpraw Majoi ခန်းမ၌ ကျင်းပရာ အဖွဲ့ ဥက္ကဋ္ဌ မိန့်ခွန်းကို ပညာရေးဌာနမှ ဆရာကြီး ခွန်နောင်က ဖတ်ကြားခဲ့သည်။

No comments:

Post a Comment