ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, March 8, 2010

မောင်းသူမဲ့ ကားရထားကြောင့် ၃ ဦး သေဆုံး

ရန်ပိုင်
နေပြည်တော်- နတ်မောက် ပြေးဆွဲနေသည့် ကားရထားတစီးသည် ယမန်နေ့ နံနက်က ရထားမောင်းသူ မပါဘဲ ဘူတာ အများအပြားကို အရှိန်ပြင်းစွာ ဖြတ်ကျော် မောင်းနှင်ကာ ရထားတစီးကို ၀င်ရောက် တိုက်မိသဖြင့် ရထားဝန်ထမ်း တဦး အပါအ၀င် ခရီးသည် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ခရီးသည် ၉ ဦးခန့်ကို တင်ဆောင်ထားသည့် ကားရထားသည် ပျော်ဘွယ်ဘူတာတွင် စက်ပြင်ဆင်နေစဉ် မောင်းသူ မပါဘဲ ရုတ်တရက် နောက်ဘက်သို့ အရှိန်ပြင်းစွာ မောင်းထွက်သွားသည်ဟု သိရကြောင်း၊ နံနက် ၅ နာရီခန့်တွင် ဟံဇားဘူတာ မရောက်မီ သာစည်-မန္တလေး လော်ကယ်ရထားကို နောက်မှဝင်တိုက် ခြင်းဖြစ်ကြောင်း သာစည်မြို့ခံ ဦးအုန်းရွှေက ပြောသည်။

“ဘက်ဂီယာ ၀င်ပြီး နောက်ပြန်ကြီး ထွက်သွားတာ၊ ခရီးသည်တွေလည်း ကယ်ပါ၊ ယူပါပဲ အော်နိုင်တော့တယ်၊ မောင်းသူကလည်း မပါဘူး၊ အရမ်း မြန်တယ်၊ တနာရီ မိုင်၈၀ နှုန်းလောက် ရှိတယ်လို့  ပြောတယ်” ဟု ဦးအုန်းရွှေက ဆိုသည်။

သာစည်ဘူတာအနီးရှိ မီးရထားလမ်းနှင့်ကားလမ်းဆုံ တခုကို ဖြတ်သန်းစဉ် ကြက်ဥများ တင်ဆောင်ထားသည့် ယာဉ်အမှတ် ၄က/ ၁၅၃၈ တိုယိုတာ ဟိုင်းလပ် အမျိုးအစား ကား၏ ရှေ့ ပိုင်းကို တိုက်မိခဲ့သော်လည်း မောင်းသူမဲ့ ကားရထား အရှိန်မှာ လျော့ကျ မသွားကြောင်း သူက ရှင်းပြသည်။

မောင်းသူမဲ့ ကားရထားသည် ပျော်ဘွယ်မြို့နယ် အတွင်းရှိ ရှမ်းရွာ၊ သာစည်မြို့နယ် အတွင်းရှိ ညောင်ရမ်း၊ နွားထိုး၊ သာစည်၊ ရွာပုလဲ ဘူတာများကို ဖြတ်ကျော်ခဲ့ကြောင်း သာစည်မြို့ခံတဦး နှင့် သာစည်ဘူတာ မီးရထားလမ်းပိုင်း ထိန်းချုပ်ရေး ဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

အဆိုပါ ကားရထား ဘူတာများ ဖြတ်ကျော်လာစဉ် ညောင်ရမ်းဘူတာရုံမှ တာဝန်ရှိသူများက ပြေးလမ်းကြောင်း လွှဲ၍ အရှိန် လျှော့ချပေးရန် သာစည်ဘူတာကြီးသို့ အကြောင်းကြား ခဲ့သော်လည်း လျှော့ချနိုင်ခြင်း မရှိဘဲ၊ လော်ကယ်ရထားကို ၀င်တိုက်ပြီးမှ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်ဟု မီးရထားလမ်းပိုင်း ထိန်းချုပ်ရေး ဌာန ၀န်ထမ်းကပြောသည်။

သာစည်မြို့နယ်ဆေးရုံမှ ၀န်ထမ်းတဦး၏ အဆိုအရ ပွဲချင်းပြီး သေဆုံးသွားသူများမှာ လော်ကယ်ရထားပေါ်မှ ရထားဝန်ထမ်း ဦးမော်ကြီး၊ ၎င်း၏ သားဖြစ်သူ ရှစ်တန်းကျောင်းသား မောင်ရန်ရန် နှင့် ခရီးသည် အမျိုးသမီးတဦးတို့ ဖြစ်သည်ဟု သိရသည်။

မောင်းသူမဲ့ ရထားပေါ်မှ ခရီးသည် ၉ ဦး နှင့် ပတ်သက်ပြီး သတင်း မရရှိသေးပေ။

သာစည်မီးရထား ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ မီးရထားဝန်ကြီး ဌာန၏ ညွန်ကြားချက် တစုံတရာ မရသေးသည့်အတွက် မည်သည့် အရေးယူမှုမျှ ပြုလုပ်ခြင်း မရှိသေးကြောင်း တာဝန်ကျ အရာရှိတဦးက ပြောသည်။

No comments:

Post a Comment