ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, September 28, 2010

ဘန်ကောက်တွင် မြန်မာ စာသင်သား သံဃာများအတွက် ကျောင်းဆောင် ဖွင့်


ဘစောတင်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်းခေးအရပ်ရှိ ဝပ်တလုံး ဘုန်းကြီးကျောင်း၌ မြန်မာ စာသင်သား ရဟန်းသံဃာများ သီတင်းသုံးရန် ပထမဆုံး ဆောက်လုပ်သည့် ကျောင်းဆောင်ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။


ဘန်ကောက်မြို့ ဝပ်တလုံး ဘုန်းကြီးကျောင်းအတွင်းမှ “ဝိဇ္ဇာလယ မြန်မာကျောင်းဆောင်”။ (ဓာတ်ပုံ - ဧရာဝတီ)
ဘန်ကောက်မြို့ရှိ တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြားနေကြသော စာသင်သား သံဃာများ သီတင်းသုံးမည့် အဆိုပါ ကျောင်းဆောင် ရေစက်ချပွဲကို ယမန်နေ့က ပြုလုပ်ကြောင်း သတင်းရရှိသည်။

မြန်မာစာသား ရဟန်းတော်များ အဖွဲ့ (ထိုင်း) မှ ပြန်ကြားရေး အဖွဲ့ဝင် ဦးကုဏ္ဍလက “ဦးပဉ္စင်း တို့ ဒီမှာ ကျောင်းတက်ရတာ အဆင်ပြေပေမယ့် နေရေးထိုင်ရေး အရမ်းခက်ခဲတယ်။ အခု ဦးပဉ္စင်း နေရတဲ့အခန်းက ၁ ပါးစာပဲရှိတယ်။ ဒီနေရာလေးကို ၃ ပါး နေရတယ်။ ဒါကြောင့် ဦးပဉ္စင်းတို့ကို လက်ခံထားတဲ့ ၀ပ်တလုံးကျောင်း ဆရာတော်က မင်းတို့ကို ငါ မြေနေရာပေးမယ်၊ တတ်နိုင်ရင် ဆောက်ကြဆိုလို့ ဒီမှာရှိနေတဲ့ မြန်မာ သံဃာ ၁၀၀ ကျော်က ၁ ပါးစီကို ဘတ် ၅၀၀ စီ စုပြီး စလုပ်ကြတာ” ဟု မိန့်ကြားသည်။

ထို့အပြင် ယခုနှစ်တွင် ပထမအကြိမ် ပြုလုပ်သော ၀ါဆိုသင်္ကန်းကပ်ပွဲမှ ရရှိသည့် အလှူငွေများနှင့် စက်ရုံအလုပ်ရုံများမှ ရွှေ့ပြောင်းအလုပ်သမားများ၏ စုပေါင်းလှူဒါန်းငွေများဖြင့် ယခု ကျောင်းဆောင်သစ် ပေါ်ထွန်းလာခြင်းဖြစ်သည်ဟု သိရသည်။

ဝပ်တလုံးကျောင်းတွင် မြန်မာရဟန်းတော် ၁၀၀ ကျော် အပါအဝင် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အိန္ဒိယ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ နိုင်ငံခြားသား သံဃာ ၃၀၀ ခန့် သီတင်းသုံးလျက်ရှိသည်။

ဝပ်တလုံး ကျောင်းတိုက် ဆရာတော်သည် ငယ်စဉ်က အိန္ဒိယသို့ သွားရောက်ကာ မဟာဝိဇ္ဇာဘွဲ့ကို ရယူခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရောက် စာသင်သားများ၏ အခက်အခဲကို ကိုယ်တိုင်တွေ့ကြုံ ခံစားဖူးသဖြင့် နိုင်ငံခြားသား စာသင်သားများကို လက်ခံထားခြင်းဖြစ်ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ၂ နှစ် ဒီဆရာတော် လက်မခံခင်ကဆိုရင် ဒီကျောင်းကို မသိသေးတဲ့ ကိုယ်တော်တွေလာရင် ဝပ်မဟာထကိုပဲ ရောက်ကြတာလေ။ အဲဒီမှာ နေစရာမရှိ ဘာမရှိနဲ့၊ သစ်ပင်အောက်မှာ နေဝင်သွားကြတယ်။ နောက်မှ အနီးအနားက ထိုင်းဒကာတွေက ဟိုတယ်လိုက်ပို့မှ ဟိုတယ်မှာ အိပ်ခဲ့ရတဲ့ ကိုယ်တော်တွေလည်း တော်တော်များကြတယ်လို့ သိရတယ်” ဟု ဦးကုဏ္ဍလက မိန့်သည်။

Mahachulalongkorn Rajavidyalaya တက္ကသိုလ် တွင် မဟာဝိဇ္ဇာဘွဲ့အတွက် တက်ရောက်သင်ကြားနေသူ အရှင်ပညာစာရ ဗောဓိက “ဦးပဉ္စင်း ရောက်စတုန်းကတော့ သိပ်အဆင်မပြေဘူး။ အိပ်စရာ နေရာမရှိဆိုတော့ ကျောင်းအောက်ထပ် အင်္ဂတေခင်းပေါ်မှာပဲ အိပ်ခဲ့ရတယ်။ ကြောင်တို့ ခွေးတို့နဲ့ အတူတူလေ။ ကိုယ်အိပ်နေတုန်း ခွေးတွေက ကျော်သွားတာမျိုးလည်း ရှိခဲ့ပါတယ်။ အခုလို ကျောင်းဖွင့်လိုက်တော့ သံဃာအားလုံး အဆင်ပြေတာပေါ့” ဟု မိန့်သည်။

ဘန်ကောက်မြို့ Mahidol တက္ကသိုလ်တွင် ပါရဂူတန်း တက်ခွင့်ရရန် ကြိုးစားနေသော အရှင်ခေမာဝံသကလည်း “အခက်အခဲရှိတဲ့ ဦးပဉ္စင်းတွေကို ဝပ်တလုံး ဆရာတော်က လက်ခံတယ်။ ဒါပေမယ့် ဆရာတော်ကျောင်းမှာလည်း နေစရာက ကျယ်ကျယ်ဝန်းဝန်း မရှိတော့ ဖြစ်သလိုနေခဲ့ကြရတယ်။ တချို့ဆို ရပ်ကွက်ထဲမှာ တိုက်ခန်းငှားနေကြတဲ့ သူတွေလည်း ရှိခဲ့တယ်” ဟု မိန့်ကြားသည်။

ယခု ဆောက်လုပ်ထားသော တထပ်ကျောင်းဆောင်ကို “ဝိဇ္ဇာလယ မြန်မာကျောင်းဆောင်” ဟု အမည်ပေးထားကြောင်း၊ သံဃာ ၁၂ ပါးခန့်သာ သီတင်းသုံးနိုင်သော်လည်း နေစရာနေရာ အတိအကျ မရသေးသော သံဃာ ၄၀ ကို မဲနှိုက်ကာ နေရာချထားပေးမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တဝန်းရှိ ဘန်ကောက်၊ ချင်းမိုင်၊ ဟတ်ယိုင်၊ အယုဒ္ဓယ စသောမြို့အသီးသီးရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေကြသော မြန်မာ စာသင်သား ရဟန်းသံဃာ ၁၄၀ ခန့်ရှိသည်ဟု သိရသည်။

ဝပ်တလုံးကျောင်း တကျောင်းတည်းတွင်ပင် မြန်မာနိုင်ငံမှ ဗမာ၊ ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်၊ ကချင်၊ ပအို့ဝ်၊ ပလောင်၊ ဓနု၊ ထားဝယ် စသည် တိုင်းရင်းသား ရဟန်းတော်များ သီတင်းသုံးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment