ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, January 8, 2010

သာယာဝတီနယ်အတွင်း သစ်များအဆမတန်ခုတ်ယူနေ

ဖြိုးကြီး
သာယာဝတီနယ်အတွင်း သစ်များ အဆမတန်ခုတ်ယူနေမှုများရှိနေပြီး အာဏာပိုင်များကလည်း ငွေယူကာ ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း ဒေသခံ သုံးဆယ်မြို့သားတဦးကပြောသည်။

ပြီးခဲ့သည့် တလခန့်မှ စတင်ကာ ရေမြုပ်ဧရိယာ သစ်တောကြိုးဝိုင်းအတွင်း သစ်မာ တန် ၁၀၀ ခန့်သာ သက်ဆိုင်ရာက ခုတ်ခွင့်ပေးထားသော်လည်း အခြားဧရိယာများမှ သစ်များအပြင် အဖိုးတန်ကျွန်းသစ်များကိုပါ ခုတ်ယူနေလျှက်ရှိကြောင်း ၎င်းဒေသခံက ပြောသည်။

“သုံးဆယ်ရေလှောင်တမံ ရေမြုပ်ဧရိယာအတွင်းမှာရှိတဲ့ သစ်မာတွေကို ထုတ်ယူဖို့ဆိုပြီး တန် ၁၀၀ လောက်ကို ကုန်သယ်နှစ်ဦးက ပါမစ်ရတယ်၊ တကယ်တမ်းထုတ်တဲ့အခါကြတော့ အဲဒီဧရိယာအပြင် အခြားနေရာတွေက သစ်တွေကိုပါ ထုတ်ယူတာတွေ လုပ်တယ်၊ တနေ့ကို တန်လေးဆယ်လောက်အထိထုတ်နေကြတယ်၊ အဲဒီတော့ သဘာဝပတ်ဝန်းကျင်တွေပါ ထိခိုက်လာတယ်” ဟုပြောသည်။

၆ ဘီးကားတစီးလျှင် သစ် ၈ တန်တင်ဆောင်နိုင်ပြီး တနေ့လျှင် ကား ၁၀ စီးခန့် ပုံမှန်ထုတ်ယူနေလျှက်ရှိကြောင်းနှင့် သစ်တောဦးစီးဌာနက သစ်တပင်ခုတ်လျှင် ထောင် ၇ နှစ်ဟု ကြေညာထားသော်လည်း ယခုကဲ့သို့ သစ်ထုတ်လုပ်မှုအပေါ် အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

“အဲဒီသစ်က ကားတစီးကို တောထဲမှာ သုံးသိန်းရှစ်သောင်းလောက်ဘဲ ပေးရတယ်၊ တိုက်ကြီး၊ ရန်ကုန်အရောက်ဆိုရင် ၇ သိန်းလောက်ရတယ်။ ရေမြုပ်ဧရိယာထဲမှာရှိတဲ့သစ်ဆိုတာ ကျွန်းမှအပ အခြားသစ်မာတွေလည်း ပါတယ်။ အဲဒါကို သူတို့က သစ်မာဆိုပြီး အခြားဧရိယာထဲကနေပါ ခုတ်နေတဲ့အတွက် သစ်တောပြုန်းတီးမှု တွေဖြစ်နေတာပေါ့၊ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ပေးကမ်းရတာတွေလည်း ရှိတယ်” ဟုပြောသည်။

အဆိုပါ သစ်ခုတ်ခွင့်ပါမစ်ရသူနှစ်ဦးမှာ ဦးအေးမြင့်နှင့် ကိုအောင်သာကျော်တို့ဖြစ်ပြီး ၎င်းတို့အနေဖြင့်လည်း အာဏာပိုင်များကို ငွေကြေးအမြောက်အများပေးထားရကြောင်း ဒေသခံက ပြောသည်။

“လေကြောင်းရန်ကာကွယ်ရေးတပ်ဆိုတာ ညောင်သုံးပင်စခန်းမှာရှိတယ်၊ အဲဒီကနေစပြီး ဂိတ်ကြေးတွေ ပေးလာရတယ်၊ အဲဒီကြားထဲမှာ တရားမဝင် ကျွန်းသစ်တွေ ညှပ်ယူလာတာလည်း ရှိတယ်၊ သုံးဆယ်မှာ ကြတော့ ဗေဒင်ကုန်း ဂိတ်ဆိုတာရှိတယ်၊ အဲဒီမှာ တော်တော်ပေးရတယ်၊ ။ ၆ ဘီးကားတစီး သစ်ခိုးတင်မယ်ဆိုရင် သူတို့ကို ၁၇ သိန်း ပေးရတယ်၊ ၁၀ ဘီးကားတစီးတင်မယ်ဆိုရင် သိန်း ၃၀ ပေးရတယ်” ဟု ဆက်ပြောသည်။

ယင်းကဲ့သို့ သစ်များခုတ်ယူနေမှုကြောင့် ဒေသခံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုများနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ရှိလာနိုင်သည့်အတွက် မကျေမနပ်ဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

No comments:

Post a Comment