ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, November 20, 2009

အစိုးရထုတ် သတင်းစာ (၂) စောင်မှ အယ်ဒီတာအဖွဲ့များ နေပြည်တော်သို့ ပြောင်းရွှေ့ရစာနယ်ဇင်းလွတ်လပ်ခွင့်များ ပိုမိုထိန်းချုပ်

မင်းနိုင်သူ
စစ်အစိုးရချုပ်ကိုင်ထားသည့် နေ့စဉ်ထုတ်သတင်းစာ (၂) စောင်မှ အကြီးတန်းအရာရှိကြီးများနှင့် အယ်ဒီတာအဖွဲ့ကို ယခုလဆန်းပိုင်းမှ စတင်ကာ နေပြည်တော်သို့ ပြောင်းရွှေ့ရုံးထိုင်စေပြီဖြစ်ကြောင်း ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းက ပြောသည်။

“မြန်မာ့အလင်းမှာ ဦးရဲမြင့်ဖေက အကြီးဆုံး။ ကြေးမုံမှာ ဦးဇော်ဝင်း သူတို့ (၂) ယောက်အပါအ၀င် သတင်းစာဌာနက အပေါ်ပိုင်း တာဝန်ရှိသူတွေ အားလုံးကို နေပြည်တော်ခေါ်ထားလိုက်တော့တာ” ဟု ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

ကြေးမုံသတင်းစာအယ်ဒီတာအဖွဲ့သည် ယခုလ (၂) ရက်တွင် နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ရပြီး မြန်မာ့အလင်း အယ်ဒီတာအဖွဲ့သည်လည်း (၉) ရက်နေ့တွင် ပြောင်းရွှေ့ရုံးထိုင်ခဲ့ရကြောင်း သိရသည်။

“ဟုတ်တယ်ဗျ။ မရှိတော့ဘူး။ အယ်ဒီတာချုပ်အပါအ၀င် အယ်ဒီတာအဖွဲ့တွေအားလုံး ပြောင်းရတယ်။ အင်္ဂလိပ်ပိုင်း၊ မြန်မာပိုင်း အားလုံးပါ။ ဒီမှာက ကြော်ငြာလက်ခံအဖွဲ့လောက်ပဲ ထားခဲ့တော့တာပါ။ ကျနော်တို့ သတင်းထောက်တွေလည်း ပြောင်းရတယ်” ဟု သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ သတင်းထောက်တဦးက ပြောသည်။

ယခုကဲ့သို့ နေ့စဉ်ထုတ်သတင်းစာနှစ်စောင်မှ အယ်ဒီတာအဖွဲ့ကို နေပြည်တော်သို့ ပြောင်းရွှေ့စေခြင်းမှာ သတင်းစာများတွင် အမှားအယွင်းများပါနေသည်ကို စစ်အစိုးရက အနီးကပ်ကြီးကြပ်ပြီး လိုအပ်ပါက အရေးယူအပြစ်ပေးရန်ဖြစ်နိုင်ကြောင်း ပြည်တွင်းသတင်းဂျာနယ်တခုမှ အယ်ဒီတာတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရတနာပုံသတင်းစာမှာ ဆူပူမှုဖြင့် ဒီမိုကရေစီရနိုင်ဆိုပြီး ဖော်ပြခဲ့တယ်လေ။ ရန်ကုန်အဖွဲ့တွေ နေပြည်တော်ပြောင်းရတာကတော့ အဲဒီထက်စောပါတယ်။ ဒီကိစ္စနဲ့တော့ တိုက်ရိုက်သက်ဆိုင်မှု မရှိနိုင်ဘူး။ ဒါပေမယ့် သတင်းစာကြီးတွေမှာကလည်း အရင်က အမှားတွေရှိခဲ့တော့ အနီးကပ်ခေါ်ထားလိုက်တဲ့သဘော နေမှာပေါ့” ဟု ပြောသည်။

နိုဝင်ဘာ (၁၃) ရက်ထုတ် မန္တလေးအခြေစိုက် ရတနာပုံသတင်းစာ၏ စစ်အစိုးရအာဘော်တခုတွင် ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင်ဟူသောစာသား၌ “မ” တလုံးပြုတ်ကာ ဆူပူမှုဖြင့် ဒီမိုကရေစီရနိုင်ဟု မှားယွင်းဖော်ပြထားသည်။

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာတိုက်က ၀န်ထမ်း (၁၈) ယောက်ကို စစ်ဆေးနေတယ်လို့ကြားတယ်။ (၁၅) ရက် ညနေပိုင်းက စဖမ်းတာတဲ့။ အဲဒီသတင်းစာက စစ်တပ်က ရှယ်ယာရှင်တွေအများဆုံးနဲ့ ထုတ်နေတာ။ မန္တလေးတိုင်းမှူးလည်း အဲဒီမှာ ရှယ်ယာပါတယ်” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

မကြာမီရက်ပိုင်းအတွင်းက သာသနာရေးကိစ္စအတွက် မြန်မာ့အလင်းသတင်းစာတိုက်သို့ ကြော်ငြာတခု သွားထည့်ခဲ့သည့် သံဃာတော်တပါးကလည်း “သူတို့ ပြောင်းသွားကြပြီတဲ့။ ရန်ကုန်မှာက နာရေးကြော်ငြာလောက်ပဲ ကိုင်ရတော့တယ်လို့ သိမ်ဖြူလမ်း သတင်းစာတိုက်က ဒကာတယောက်က လျှောက်တယ်။ ဦးဇင်းတို့ သာသနာရေး ကြော်ငြာကိုတောင် နေပြည်တော်ပို့ပေးရမယ်လို့ သူက ပြောတယ်” ဟု မိန့်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်းပြီးချိန်မှစ၍ စစ်အစိုးရပိုင်သတင်းစာများတွင် သာသနာရေးဆိုင်ရာ ကြော်ငြာများကိုပင် အကန့်အသတ်ဖြင့်သာ ဖော်ပြခွင့်ပြုခဲ့ပြီး ယခုအချိန်ထိ ဘုရားပုံ၊ သံဃာတော်ပုံများဖြင့် ကြော်ငြာထည့်သွင်းခွင့်မရှိကြောင်း အထက်ပါသံဃာက မိန့်သည်။

အစိုးရ နေ့စဉ်ထုတ်သတင်းစာများအနေဖြင့် ရရှိထားသည့်သတင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပြန်လည်တင်ပြနေရကာ ကကပြန်ဟုခေါ်သည့် ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ စစ်တပ် ပြန်ကြားရေးဌာနသို့လည်း မိတ္တူ ပေးပို့နေကြရကြောင်း၊ ထိုဌာနများမှ တည်းဖြတ်၍ ပြန်ချပေးသည့် သတင်းများကိုသာ ရိုက်နှိပ်ဖော်ပြနေရကြောင်း စုံစမ်းသိရှိရသည်။

“အဲဒီလို အဆင့်ဆင့်တည်းဖြတ်ပြီးလို့ ညပိုင်းမှ ဖက်စ်တွေ မေးလ်တွေနဲ့ ရောက်လာတဲ့ သတင်းတွေကို ရန်ကုန်မှာ ညတွင်းချင်း ကွန်ပျူတာစာစီပြီး စက်တင် ရိုက်လုပ်ကြရလို့ အရမ်းပင်ပန်းတယ်လို့ ၀န်ထမ်းတွေ ညည်းနေကြတယ်” ဟု ကြော်ငြာသွားရောက်ထည့်ခဲ့သည့် သံဃာတော်က မိန့်သည်။

နေပြည်တော်တွင် သတင်းစာပုံနှိပ်စက်ရှိသော်လည်း မြန်မာနိုင်ငံအလယ်ပိုင်းအတွက်သာ ပုံနှိပ်ပြီး မြန်မာနိုင်ငံအောက်ပိုင်းသို့ ဖြန့်ချိမည့်သတင်းစာများကို ရန်ကုန်တွင်သာ ပုံနှိပ်ခြင်းဖြစ်ရာ နေပြည်တော်မှ ပြန်ပို့မည့် သတင်းများကို စောင့်စားပုံနှိပ်ရသည့်အတွက် ၀န်ထမ်းများ၏ အလုပ်ချိန်ပိုလာသဖြင့် မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရ တက်ချိန်မှ ယခု နအဖစစ်အစိုးရ လက်ထက်အထိ နှစ်ပေါင်း (၄၀) ကျော်ကြာ စာနယ်ဇင်းလွတ်လပ်ခွင့်များ ထိန်းချုပ်ခံထားရသည်။

နေ့စဉ်ထုတ်သတင်းစာများကိုလည်း ပုဂ္ဂလိက ထုတ်ဝေခွင့်မပြုဘဲ အစိုးရကသာ ၎င်းတို့ အာဘော်များအတိုင်း ရိုက်နှိပ်ထုတ်ဝေလျက်ရှိသည်။

No comments:

Post a Comment