ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, November 20, 2009

ရခိုင်ပြည်နယ် စိုင်းဒင် ရေအားလျှပ်စစ် စီမံကိန်းသုံးကြိမ်မြောက်ပြန်လည်စတင်

ဘစောတင်
.စစ်အစိုးရက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ နယ်ရှိ စိုင်းဒင်ရေအား လျှပ်စစ် စီမံကိန်းကို ပြန်လည် စတင်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

ယင်း စိုင်းဒင်ရေအားလျှပ်စစ် စီမံကိန်းသည် အဓိကအားဖြင့် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်း ဖောက်လုပ်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးယူမည့် စစ်တပ်အတွက် လျှပ်စစ်မီးသုံးရန်ဖြစ်နိုင် သည်ဟု ရခိုင်ပြည် မြစ်ချောင်း လေ့လာစောင့်ကြည့်ရေး ကွန်ယက် Arakan River Network (ARN) မှ ဒါရိုက်တာ ဦးအောင်မင်းဦးက ပြောသည်။

“စိုင်းဒင်ရေတံခွန်မှာ ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ ဦးနုအစိုးရလက်ထက်ကတည်း က စီမံကိန်းတွေနဲ့ လုပ်ခဲ့ ပေမယ့် ဒီနေ့အထိတော့ ဖြစ်မလာသေးဘူး၊ အခုတခါ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖို့ စီမံတာကတော့ ရွှေ ဂက်စ် ပိုက်လိုင်းစီမံကိန်းအတွက် လုံခြုံရေးယူမယ့် စစ်တပ်တွေမှာ လျှပ်စစ်မီးတွေသုံးဖို့ အဓိက ရည်ရွယ် တာဖြစ်တယ်၊ ပြည်သူတွေအတွက်တော့ မပါပါဘူး၊ ဓာတ်ငွေ့ ပိုက်လိုင်းအတွက် စစ်တပ်တွေကို အဆမတန် ချထားရတယ် ကျနော်တို့ ပြည်နယ်မှာ၊ အဲဒါတွေအတွက် လျှပ်စစ်လိုသလို၊ ရခိုင်ပြည်ကထွက်တဲ့ ၀ါးတွေကို ပျော့ဖတ်လုပ်ပြီး စက္ကူစက်လုပ်မယ့် စီမံကိန်းတွေလည်း ပါတယ်လို့သိရတယ်။ အဲဒီလုပ်ငန်းတွေအတွက် ဒီစိုင်းဒင်စီမံကိန်းကို အကောင်အထည်ဖော်နေတာ”ဟု ၎င်းက ပြောပြသည်။

ရခိုင်ပြည်နယ်တွင် အကြီးဆုံးဖြစ်သည့် စိုင်းဒင်ရေတံခွန် ရေအားလျှပ်စစ် စီမံကိန်းကို ၀န်ကြီးချုပ်ဟောင်း ဦးနု လက်ထက်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်း အာဏာသိမ်း စစ်အစိုးရက ရခိုင်တပြည် လုံး လျှပ်စစ်မီးရရှိစေရမည်ဟူသော ကြွေးကြော်သံဖြင့် ဆက်လက် စီစဉ်ခဲ့သော်လည်း အကောင်အထည် မပေါ်ဘဲ ယခုအကြိမ်နှင့်ဆိုလျှင် သုံးကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။

ဦးနုအစိုးရလက်ထက် ၁၉၅၂ခု နှစ်က လက်နက်ကိုင်အဖွဲ့ အစည်းများက တိုက်ခိုက်သဖြင့် ထိုစီမံကိန်း အကောင်အထည်ဖော်ရန်ရောက်ရှိနေသော နိုင်ငံခြားသား အင်ဂျင်နီယာတဦး သေဆုံးခဲ့ရပြီးနောက် စီမံကိန်း ရပ်နားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က ယင်း စိုင်းဒင်ရေအားလျှပ်စစ် စီမံကိန်း ပြန်လည် အကောင်အထည် ဖော်ရန် စစ်အစိုးရ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် အနာဂတ်စွမ်းအား ကုမ္ပဏီ လီမိတက်တို့ နားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း အစိုးရသတင်းစာများတွင်ဖော်ပြထားသည်။

ယခုအခါ ယင်းစိုင်းဒင် ရေအားလျှပ်စစ်စီမံကိန်းကို ရွှေတောင်ဆောက်လုပ်ရေး ကုမ္ပဏီ က တာဝန်ယူ၍ စတင်ဆောက်လုပ်နေပြီဟု သိရသည်။ အဆိုပါစီမံကိန်းသည် ၂၀၁၄ ခုနှစ်တွင် ပြီးစီးမည်ဟု မျှော်လင့်ထားပြီး စီမံကိန်းပြီးစီးပါက မီဂါဝပ် ၇၀ ရှိ လျှပ်စစ်စွမ်းအားကို ထုတ်လုပ်ပေး မည်ဖြစ်သည်ဟု ဆိုသည်။

ထိုစိုင်းဒင် ရေအားလျှပ်စစ် စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်များစွာ ပြောင်းလဲ ပျက်စီးမှုများ ရှိခဲ့ ကြောင်း ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့ မှ အဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းအောင်က ပြောဆိုသည်။

“ဒီစီမံကိန်ုးကို စစ်အစိုးရ အကောင်အထည်ဖော်ဖို့ လုပ်လာတာ တော်တော်ကြာနေပြီ၊ ဒါကြောင့် အခုဆိုရင် စိုင်းဒင်ရေတံခွန်ဟာ အရင်လို ရေစီးမသန်တော့ဘူး။ ဟိုတုန်းကဆိုရင် ရေတံခွန်နဲ့ သုံးကီလိုမီတာအနီး လောက်ကို လှေတွေ ၀ါးဖောင်တွေ ကပ်လို့ မရဘူး၊ အခုက သူတို့ လုပ်လိုက်လို့ ရေကြောင်းတွေပြောင်းလဲ စီးဆင်းပြီး မလိုလားအပ်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ အများကြီးဖြစ်ခဲ့ရပြီ၊ သစ်တောတွေ ပြုန်းတီးပျက်စီး ခဲ့ရတယ်၊ လွန်ခဲ့တဲ့ အနှစ် ၂၀ခန့် က အနေအထားနဲ့ အခုအနေအထားဟာ အတော့်ကို ခြား နားသွားခဲ့ပြီ”ဟု ၎င်းကဆိုသည်။

ထိုစီမံကိန်းနှင့် အနီးဝန်းကျင်ရှိ ရွာ(၆)ရွာခန့်သည် မကြာသေးခင်က ထောက်ပံ့ငွေ အကူအညီ တစုံတရာ မရရှိဘဲ အဓမ္မပြောင်းရွှေ့ ခံခဲ့ရကြောင်းလည်း သိရှိရသည်။

ဤကဲ့သို့ စိုင်းဒင် ရေအားလျှပ်စစ် စီမံကိန်းကြောင့် ဒေသခံများထိခိုက်နစ်နာမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများရှိနေပြီး လက်ရှိအချိန်အထိ စစ်တွေမြို့အပါအ၀င် ရခိုင်ပြည်နယ်ရှိ မြို့များအားလုံး လျှပ်စစ်မီး တနေ့ ၂ နာရီ ခန့်သာရရှိကြောင်း ဒေသခံများက ဆိုသည်။

No comments:

Post a Comment