ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, November 2, 2009

၃၉ ဘီအမ်ကား အနှေးယာဉ်တိုက်


မျိုးသိဏ်း

မြို့တွင်းပြေးဆွဲနေသည့် ခရီးသည်တင် ဘီအမ်ကားတစီးက အနှေးယာဉ်အား အရှိန်ပြင်းစွာ တိုက်မိခဲ့သဖြင့် အသက် (၂၇)နှစ်ခန့်ရှိ အနှေးယာဉ် မောင်းနှင်သူ ပွဲချင်းပြီးသေဆုံးသည့် ယာဉ်တိုက်မှုတခု ယမန်နေ့ည (၆)နာရီ (၃ဝ) အချိန်တွင် ဖြစ်ပွားခဲ့သည်။

တောင်ဒဂုံစက်မှုဇုန်နှင့် မော်တင် ပြေးဆွဲသည့် (၃၉) ယာဉ်လိုင်းမှ ဘီအမ်အမျိုးအစား ယာဉ်အမှတ် (၂ခ/၅၀၆၈) သည် မင်္ဂလာတောင်ညွှန့်မြို့နယ် ဗညားဒလလမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် မင်္ဂလာဈေးမှတ်တိုင်နှင့် မဆလာစက်မှတ်တိုင် အကြား သိမ်ဖြူ ယာဉ်မောင်းသင် လေ့ကျင့်ကွင်း အနီးတွင် ရှေ့မှနင်းနေသော အနှေးယာဉ်အမှတ် (တမန/ဝ၄၄၉) အားအရှိန်ပြင်းစွာ ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်သည်။

အနှေးယာဉ်အား ယာဉ်ရှေ့ပိုင်းဖြင့် စတင်တိုက်မိခဲ့ပြီး အရှိန်ဖြင့် လမ်းပေါ်လွင့်စင်ကျသွားခဲ့သည့် အနှေးယာဉ်မောင်း ကိုမြင်ဆွေ ဆိုသူအား ယာဉ်နောက်ဘီးဖြင့် ထပ်မံ ကြိတ်မိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

သေဆုံးသူ အနှေးယာဉ်မောင်းနှင်သူ ကိုမြင့်ဆွေ (၂၇-နှစ်)မှာ လှိုင်သာယာမြို့နယ်မှ မင်္ဂလာတောင်ညွှန့်မြို့နယ်သို့ လာရောက် အလုပ်လုပ်ကိုင်သူဖြစ်ပြီး၊ အခင်းမဖြစ်ပွားမီ လေးရက်ခန့် အနှေးယာဉ်မောင်းနှင်ခြင်းမပြုကြောင်း၊ ယနေ့မှ ပြန်လည်အလုပ်ဆင်းခြင်း ဖြစ်ကြောင်း၊ အရက်သေစာ သောက်စားတတ်သူ မဟုတ်ကြောင်း အနီးဝန်းကျင်ရှိ အနှေးယာဉ်မောင်းများက ဆိုသည်။

မတော်တဆမှုကို ဝိုင်းအုံကြည့်ရှုနေသူ လူအများကြောင့် ယာဉ်အသွားအလာများသော ဗညားဒလလမ်းမကြီးမှာ တနာရီဝန်းကျင်မျှ ယာဉ်ကြောပိတ်ဆို့ခဲ့ရပြီး အနီးအနားရှိ ရ.ယ.က များက ယာဉ်ကြောရှင်းလင်းရေးကို ဝိုင်းဝန်းဆောင်ရွက်ပေးနေ သည်ကို တွေ့ရသည်။

ဘီအမ်ကားကို မောင်းနှင်လာသူမှာ ယာဉ်မောင်း ကိုအောင်အောင်စိုး ဆိုသူဖြစ်ပြီး ယာဉ်နောက်လိုက်နှစ်ဦး ပါဝင်သည်။

အခင်းဖြစ်ပွားချိန်တွင် မထသယာဉ်လိုင်းအမှတ် (၃၉) ကားပေါ်တွင် ခရီးသည် (၂ဝ)ဦးခန့် ပါဝင်ခဲ့ပြီး ကားပေါ်ပါ ခရီးသည်များ ဒဏ်ရာရရှိမှု မရှိကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရှိရသည်။

အခင်းဖြစ်ပွားရာသို့ လာရောက်စစ်ဆေးသူ ယာဉ်ထိန်းရဲအရာရှိက ယာဉ်နောက်လိုက်များကို စစ်ဆေးရာတွင် ယာဉ်၏ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် မဟုတ်ဟု ထင်မြင်ကြောင်းကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

No comments:

Post a Comment