ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, February 14, 2010

သင်္ဃန်းကျွန်းဈေးမီး ဆိုင်ခန်း ၆၀၀ ကျော်ပျက်စီး


ကိုစိုး
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် သင်္ဃန်းကျွန်း ဈေးကြီး ယမန်နေ့ ညဦးပိုင်းက မီးလောင်ရာတွင် ဆိုင်ခန်း ပေါင်း ၆၀၀ ကျော် လောင်ကျွမ်းပျက်စီးသွားကြောင်း သိရသည်။

ဆိုင်ခန်းပေါင်း ၇၈၆ ခန်းရှိသော သင်္ဃန်းကျွန်း ဈေးကြီးသည် ယမန်နေ့ည ၇ နာရီကျော်က မီးစတင်လောင်ခဲ့ပြီး ည ၁၀ နာရီ ၀န်းကျင်အထိ အချိန် ၂ နာရီ ကျော် လောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း ၆၅၁ ခန်း ပျက်စီးဆုံးရှုံးသွားသည်ဟု သင်္ဃန်းကျွန်း မြို့နယ် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူ တဦးက ပြောပြသည်။

ယင်းသို့ မီးလောင်ကျွမ်းမှုကြောင့် လူ အသေအပျောက် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ ပျက်စီး ဆုံးရှုံးသွားသည့် ကာလ တန်ဖိုး မည်မျှ ရှိမည်ကို မသိရှိရသေးကြောင်း၊ မည်သည့် နေရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားသည်ကိုလည်း စုံစမ်းဆဲဖြစ်ကြောင်း ၎င်း က ဆိုသည်။

“ဘယ်က စလောင်တယ် ဆိုတာတော့ မပြောသေးဘူးပေါ့၊ စုံစမ်းဆဲရှိသေးတာကို၊ မသိရသေးဘူး၊ ည ၇း၁၅ လောက်က စလောင် တာ၊ ၉း၅၀မှာမှ မီးငြိမ်း သွားတယ်၊ မနေ့က ပြည်ထောင်စုနေ့ဆိုတော့ ဈေးက ပိတ်ထားတာ” ဟုလည်း သင်္ဃန်းကျွန်း စည်ပင် တာဝန်ရှိသူက ပြောဆိုသည်။

သင်္ဃန်းကျွန်းဈေး မီးလောင်ပြင်ကိုတွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါ သင်္ဃန်းကျွန်းဈေးအနီး နေထိုင်သည့် ဒေသခံတဦးက “မီးက ဈေးနားမှာရှိတဲ့ ချစ်စရာ မုန့်တိုက်က ၀ါယာ ရှော့ ဖြစ်ပြီး စလောင်တာတဲ့၊ ပျက်စီး ဆုံးရှုံးသွားတဲ့ ကာလတန်ကြေး နဲ့ အသေအပျောက် ထိခိုက် ဒဏ်ရာရှိမှုကိုတော့ မသိရသေးဘူး” ဟု ပြောသည်။

ယမန်နေ့ ညက မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်း မြို့နယ်ပေါင်းစုံမှ မီးသတ်ကား ၄၈ စီးခန့် လာရောက် မီးငြှိမ်းသတ်ကြောင်း၊ မီးလောင်ပြင်နှင့် အနီးတ၀ိုက်တွင် ရဲ တပ်ဖွဲ့ အပါအ၀င် လုံခြုံရေးများ ကို ယခုအချိန်အထိ ချထားကြောင်းလည်း သိရသည်။

၂၀၁၀ ခုနှစ် ဇန်န၀ါရီလအတွင်း နိုင်ငံတ၀န်း မီးလောင်မှုပေါင်း ၈၉ ကြိမ်ဖြစ်ပွားရာတွင် ရန်ကုန်တိုင်းတွင် အများဆုံးဖြစ်ပွားခဲ့ ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မီးလောင်မှုများတွင် မီးဖိုမီး/ပေါ့ဆမီး ၆၅ ကြိမ်၊ အလိုအလျောက်မီး တကြိမ် ၊ လျှပ်စစ်မီး ၁၁ ကြိမ် ၊ မသမာသူ ရှို့မီး ၁၁ ကြိမ်၊ တောမီး တ ကြိမ်တို့ပါဝင်ပြီး အိမ်ခြေအဆောက် အအုံ ၁၃၀ မီးလောင်ဆုံးရှုံးခဲ့သည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

No comments:

Post a Comment