ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, February 7, 2010

စစ်ရုံးကြက်ခြံတွင် အပြင်းစား ကြက်ငှက်တုပ်ကွေးဖြစ်

မြင့်မောင်၊ မျိုးသိဏ်း

ရန်ကုန်တိုင်း စစ်ဌာနချုပ် စခန်းမှူးရုံး လက်အောက်ခံ မော်တော်ယာဉ် တပ်ရင်းတစုရှိ တပ်ရင်းကြက်ခြံတွင် အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ (၆) ရက် စနေနေ့ထုတ် အစိုးရ သတင်းစာများတွင် မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ ကြက်မွေးမြူရေး ခြံတခြံ၌ အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ (Highly Pathogenic Avian Influenza - HPAI) ဖြစ်ပွားကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဌာနမှ အတည်ပြုထုတ်ပြန်ခဲ့သည်။

ကြက်ကောင်ရေ (၂၅ဝဝ) ခန့်ရှိသော ကြက်ခြံတွင် သံသယဖြစ်ဖွယ် ကြက်သေဆုံးမှု ရှိသဖြင့် မွေး/ကု မှ ကွင်းဆင်း စစ်ဆေးပြီး ကြက်အသေများကို ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တွင် ဓါတ်ခွဲစမ်းသပ်မှု
နှစ်ကြိမ်ပြုလုပ်ကာ အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ကြောင်း အတည်ပြုခဲ့သည်ဟု သတင်းစာတွင် ဖော်ပြပါရှိသည်။

သတင်းစာများတွင် ဖြစ်ပွားသည့် ကြက်ခြံအား ဖော်ပြထားခြင်း မရှိသော်လည်း ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားသည့် ကြက်ခြံမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ် စခန်းမှူးရုံး လက်အောက်ခံ မော်တော်ယာဉ်တပ်ရင်းမှ ကြက်ခြံဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်ရုံးက ပြောသည်။

"မော်တော်ယာဉ်တပ်က ကြက်ခြံမှာဖြစ်တာပါ။ မနေ့က (ဖေဖော်ဝါရီ-၅) က ကျနော်တို့ ရပ်ကွက် တာဝန်ရှိသူတွေက တစ်ခေါက်သွားပြီး ပိုးသတ်ဆေးဖြန်းတာတို့၊ သန့်ရှင်းရေး လုပ်တာတို့ လုပ်ပေးခဲ့ရပါသေးတယ်။" ဟု ဒေသ အာဏာပိုင်တဦးက ပြောသည်။

မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်အတွင်း၌ ယင်းတပ်ရင်းပိုင် ကြက်ခြံအပြင် အခြား ပုဂ္ဂလိကပိုင် ကြက်မွေးမြူရေး လုပ်ငန်းများ (ဝါ) စီးပွားဖြစ် ကြက်မွေးမြူရေးခြံများ မရှိကြောင်း သူက ပြောသည်။

အမြန်စစ်ဆေးခြင်း (Rapid Test) နှင့် ဗီဇဆိုင်ရာ စစ်ဆေးခြင်း (PCR Test) စသည့် ဓါတ်ခွဲ စမ်းသပ်မှုများ ပြုလုပ်ပြီး မွေး/ကု မှ ရောဂါ ဖြစ်ပွားကြောင်း အတည်ပြုကာ စစ်ဆေးတွေ့ရှိချက်ကို ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) နှင့် အခြား သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြားခဲ့ကြောင်း သတင်းစာတွင် ဖော်ပြပါရှိသည်။

မရမ်းကုန်းမြို့နယ် စွယ်တော်မြတ် စေတီဝင်ပေါက်နံဘေး ကမ္ဘာအေး ဘုရားလမ်းပေါ်တွင် တည်ရှိသည့် ရန်ကုန်တိုင်း စစ်ရုံးလက်အောက်ခံ
မော်တော်ယာဉ် တပ်ရင်းမှာ ယခင်စိတ်ရောဂါကု ဆေးရုံဟောင်း မြေနေရာတွင် ရှိသည်။

ကြက်သေကောင်များကို စားသုံးခြင်း မပြုရန် တပ်ရင်းမှူးဖြစ်သူက တပ်တွင်း အမိန့်ထုတ်ပြန်ထားပြီး၊ လက်ရှိ တပ်တွင်းကြက်ခြံများ အားလုံးမှာ ရှင်းလင်းပြီး ဖြစ်ကြောင်း သိရသည်။

တပ်ရင်းအတွင်း တပ်ရင်းပိုင်ကြက်ခြံအပြင် တပ်မိသားစုများမှ မွေးမြူထားသော တနိုင်တပိုင် ကြက်ခြံငယ်များလည်း ရှိကြောင်း သိရသည်။

"ဇန်နဝါရီ ၂၁ ...လောက်က ခြံကြီး (တပ်ရင်းပိုင်ခြံ) မှ ကြက်နည်းနည်း စသေတယ်။ လေး၊ငါးရက်လောက်နေတော့ သေတာ အကောင် ၇ဝဝ လောက် ရှိသွားတယ်။ သိပ်မကြာဘူး မွေး/ကု က လာစစ်ပြီး လကုန်ရက်မှာ တပ်ထဲက ကြက်ခြံတွေက ကြက်တွေ အားလုံးရှင်းဖို့ ပြောတယ်။ တပ်မိသားစုတွေထဲမှာ ၁ဝ ကောင်၊ အကောင် ၂ဝ လောက် ကိုယ့်ဘာသာကိုယ် မွေးကြတာ ရှိတယ်။"ဟု တပ်မိသားစုဝင် တဦးက ပြောသည်။

ရောဂါဖြစ်ပွားခြင်း မရှိမီက မော်တော်ယာဉ်တပ် ကြက်ခြံမှ ကြက်သားများနှင့် ကြက်ဥများကို တပ်အနီး စွယ်တော်မြတ် စေတီကန်နံဘေးရှိ အခွန်လွတ်ဈေးတွင် ရောင်းချလေ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်အောက်ရှိ တပ်ရင်း တပ်ဖွဲ့များ၏ ကြက်မွေးမြူရေး လုပ်ငန်းများမှာ ရန်ကုန်တိုင်းရှိ စုစုပေါင်း ကြက်မွေးမြူထုတ်လုပ်သည့် ပမာဏ၏ ၇ဝ ရာခိုင်နှုန်း ဝန်းကျင်တွင် ရှိသည်။

No comments:

Post a Comment