ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, February 10, 2010

ဝက်တုပ်ကွေး ကူးစက်ခံရသူများ ထပ်မံတွေ့ရှိ

ဧရာဝတီ
.၀က်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ကျောင်းသား ကျောင်းသူ ၁၁ ဦးကို ရန်ကုန်မြို့၌ ယနေ့ ထပ်မံစစ်ဆေး တွေ့ရှိရသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ကျောင်းသား ကျောင်းသူ ၂၇ ဦးထိ ရှိလာကြောင်း ကျန်းမာရေး ဦးစီးဌာနမှ ကျောင်းကျန်းမာရေး ဆိုင်ရာ ဆရာဝန်ကြီးတဦးက အတည်ပြုပြောဆိုသည်။

ရောဂါကူးစက်ခံရသူများမှာ ဒဂုံမြို့သစ် မြောက်ပိုင်း အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၂၃) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူများဖြစ်ကြောင်း သိရသည်။

“ဒီလ ၇ ရက်မှာ ကျောင်းသား ၈ ဦး၊ ၉ ရက်မှာ ၈ ဦးနဲ့ ၁၀ ရက်မှာ ၁၁ ဦး ရောဂါ စစ်ဆေးတွေ့ရှိရတယ်၊ ဒဂုံမြို့သစ် မြောက်ပိုင်း ကျောင်းတွေက ကလေးတွေချည်းပဲ”ဟု ကျန်းမာရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသော ၀န်ထမ်းတဦးက ပြောသည်။

ထို့ကြောင့် ရောဂါကူးစက်မှုအခြေအနေမှာ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာပြီဟု ဆရာဝန်များက ဆိုသည်။

“လောလောဆယ်တော့ ကျန်းမာရေးဦးစီးဌာနက စစ်ဆင်ရေးပုံစံနဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ကျောင်း ကျန်းမာရေးစစ်ဆေး တာတွေ၊ ဖျားနာတဲ့ ကျောင်းသားတွေကို ရောဂါကူးစက်ခံရမှုရှိ မရှိ စစ်ဆေးမှု ဆက်တိုက် လုပ်နေပါတယ်”ဟု ဒဂုံမြို့သစ် မြောက်ပိုင်း ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်တဦးက ပြောသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ကျောင်းသားများဆက်တိုက် ရောဂါကူးစက်ခံရသဖြင့် မိဘများက သားသမီးများအတွက် အလွန် စိုးရိမ်နေကြကြောင်း သိရှိရသည်။

“ကလေးတွေကျောင်းသွားရင် မျက်နှာဖုံးတွေတပ်ပေးလိုက်တယ်၊ မိဘတော်တော်များက သားသမီးအတွက် စိုးရိမ်နေကြတယ်၊ တချို့ဆို ကျောင်းတောင် မလွှတ်ဘူး”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း (၄၅) ရပ်ကွက်တွင် နေထိုင်သူ ကျောင်းသားမိဘတဦးက ပြော သည်။

ဝက်တုပ်ကွေးရောဂါကူးစက်မှုများပြား လာပါက ကျောင်းများ အရေးပေါ်ပိတ်ရန်အစီအစဉ်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိတဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးသော ၀က်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ၂၀၀၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် တွေ့ ရှိခဲ့ရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ကျေးရွာတရွာတွင် လူလေးဦး ၀က်တုပ်ကွေး ရောဂါ ကူးစက် ခံရသောကြောင့် ၂၀၁၀ ခုနှစ်အစတွင် ၀က်တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၃၁ ဦးအထိ ရှိကြောင်း သိရှိရသည်။

၂၀၀၉ ခုနှစ်က ၀က်တုပ်ကွေးရောဂါကူးစက်ခံရသူ ၆၉ ဦး ရှိခဲ့ရာ ယခုအခါ မြန်မာနိုင်ငံတွင် ၀က်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၁၀၀ ရှိသွားပြီဖြစ်သည်။

No comments:

Post a Comment