ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, October 20, 2009

နိုင်ငံခြားငွေ ရှိသူများကို ဒီဇယ်ဆီ တင်သွင်းခွင့်ပေးမည်

အောင်ကျော်မိုး

ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့ရာမှ နိုင်ငံခြားငွေ ရရှိထားသူများကို ဒီဇယ်ဆီ လွတ်လပ်စွာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အောက်တိုဘာ (၁၅) ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေးမူဝါဒရေးရာ ကောင်စီက ဆုံးဖြတ်ခဲ့ကြောင်း ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “မနေ့က နေပြည်တော်အစည်းဝေးက ဆုံးဖြတ်ခဲ့တာပါ။ လက်ရှိ ဒီဇယ်ဆီတွေကို ကော်မတီဖွဲ့ပြီး တင်သွင်းနေရာကနေ ပို့ကုန်ဝင်ငွေ ရှိသူတိုင်း တင်သွင်းခွင့်ရလာမယ်လို့ သိရတယ်။ အခြားအသေးစိတ် အချက်အလက်တွေတော့ မသိရသေးဘူး” ဟု ပြောသည်။

နိုင်ငံခြားမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ အပါအဝင် လောင်စာဆီ တင်သွင်းခွင့်၊ ပြည်တွင်းတွင် ဖြန့်ဖြူးရောင်းချခွင့်များကို စစ်အစိုးရက ချုပ်ကိုင်ထားသော်လည်း ဒီဇယ်တင်သွင်း ရောင်းချခွင့်တခုကိုမူ နာဂစ်လေမုန်တိုင်းဘေး ဖြစ်ပွားပြီးနောက်ပိုင်း ကော်မတီဖွဲ့ကာ လုပ်ဆောင်ခွင့်ပြုထားခြင်းဖြစ်သည်။

ဒီဇယ်ဆီဈေးနှုန်းနှင့် ပတ်သက်၍ လောလောဆယ် အစိုးရဆီဆိုင်များမှ ရောင်းချနေသည့် နှုန်းထားသည် ပြင်ပမှောင်ခို ပေါက်ဈေးထက် မြင့်နေကာ အစိုးရဆီဆိုင်များတွင် ဒီဇယ်ဆီ တဂါလန် ကျပ် (၃,ဝဝဝ) ဖြင့် ရောင်းချနေပြီး ပြင်ပဒီဇယ်ဆီ ပေါက်ဈေးမှာမူ တဂါလန် ကျပ် (၂,၆ဝဝ) ခန့်သာ ရှိသည်။

ထို့ကြောင့် ဒီဇယ်အင်ဂျင်သုံး ကားစီးသူများအနေဖြင့် အစိုးရ ဆီဆိုင်များတွင် မဝယ်ဘဲ ပြင်ပမှောင်ခိုဆီဆိုင်များ၌သာ ဝယ်ယူ အသုံးပြုကြကြောင်း၊ သို့သော် နောက်ပိုင်း ပြင်ပဒီဇယ်ဆီ ပေါက်ဈေးများ မြင့်တက်လာသည့်အခါ အစိုးရဆိုင်တွင် ပြန်လည်ဝယ်ယူနိုင်ရန် ဆီခွဲတမ်းစာအုပ် အသက်ရှင်နေရေးအတွက် (၁) လ တခါ သွားထည့်နေရသေးကြောင်း ရန်ကုန်မြို့မှ ဒီဇယ်ကား အသုံးပြုနေသူများက ပြောသည်။

အစိုးရသည် ဒီဇယ်ဆီအပါအဝင် လောင်စာဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချခွင့်များနှင့်ပတ်သက်၍ စည်းကမ်းအမျိုးမျိုးထုတ်ကာ မကြာခဏ မူဝါဒပြောင်းလဲတတ်ကြောင်း ဘုရင့်နောင်ပွဲရုံမှ လုပ်ငန်းရှင်ကြီးတဦးက ပြောသည်။

၎င်းက “လောင်စာဆီ ပြဿနာနဲ့ ပတ်သက်လို့ ဘာမှ မှန်းဆလို့ မရနိုင်ဘူး။ နိုင်ငံတကာလို ပုဂ္ဂလိကတွေကို ပြည်ပကနေ လွတ်လပ်စွာ တင်သွင်းခွင့်ပြုပြီး ပြည်တွင်းမှာလည်း တရားဝင် ဖြန့်ဖြူးရောင်းချခွင့်ပြုသင့်တယ်။ ဒါမှသာ ပြည်တွင်း လောင်စာဆီလောကမှာ မှောင်ခိုစနစ် ဖြစ်နေတာတွေ၊ မှောင်ခိုကြောင့် မီးလောင်မှု ဖြစ်ပွားနေရတာတွေ လျော့နည်းသွားမှာ ဖြစ်တယ်” ဟု ပြောသည်။

နေပြည်တော်လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးကမူ မကြာမီ ပွင့်လင်းရာသီရောက်ပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှု အလွန်လျော့နည်းတော့မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံတဝန်း မီးစက်နှင့် အခြားအင်ဂျင်များကို အသုံးပြုရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီဇယ်ဆီလိုအပ်ချက် ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်ပြီး အဆိုပါပြဿနာကို ကာကွယ်သည့်အနေဖြင့် ဒီဇယ်ဆီတင်သွင်းခွင့်ပြုလိုက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ဓာတ်ဆီဈေးမှာမူ အစိုးရဆီဆိုင်တို့တွင် တဂါလန် ကျပ် (၂,၅ဝဝ) ဖြစ်ပြီး ပြင်ပပေါက်ဈေးမှာ တဂါလန် ကျပ် (၂,၇ဝဝ) ခန့် ပေါက်ဈေးရှိသည်။

No comments:

Post a Comment