ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, December 3, 2009

ဝိညာဉ် နုတ်သိမ်းခံရခြင်း


မင်းဆွေသစ်
ဒီဇင်ဘာလက နှစ်တနှစ်ကို အနားသတ်ရန် စိုင်းပြင်း၍နေသည်။ ၂ဝဝ၉ ခုနှစ်က နောက်ဆုံးနေ့များကို ဖြတ်သန်းရင်း …. ၂ဝ၁ဝ ဆီသို့ မျက်နှာမူ၍ ရင်ဆိုင်လိုက်သည်။ ၂ဝဝ၉ သည် ….. ဓမ္မတေးသံတို့နှင့် ဝေဝေစီစီ၊ ငြိမ်းငြိမ်းချမ်းချမ်းနှင့်ပင် အဆုံးသတ်မည်လား….. ။

သဘာဝတရား၏ ရိုက်ပုတ်တိုက်ခိုက်မှုဒဏ် ပြင်းပြင်းထန်ထန်အထိ ခံထားခဲ့ရဖူးသည့်အတွက် ….. စိုးတထိတ်ထိတ်နှင့်…..။ လွန်ခဲ့သည့် ၅ နှစ် ဟူသည့်ကာလက ….အတိတ်မဖြစ်နိုင်သေး…..။ ဆူနာမီလှိုင်းလုံးကြီးများ….။ ခဏငယ်အတွင်း ပျောက်ကွယ်သွားသည့် မြို့ပြ….။ ရေဖွေးဖွေး….။ အဆောက်အဦး အပျက်အစီးများ….။ အလောင်းများ….အလောင်းများ….။ ငယ်ငယ်ရွယ်ရွယ်….ပျိုပျိုအိုအို….. အလောင်း….။ ယောက်ျား၊ မိန်းမအလောင်း….။ ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလက …. သဘာဝတရား၏ ရိုက်ခတ်မှုအောက်၌ လူသားသည် ဒူးညွှတ်၍ ပြားပြားမှောက် အရှုံးပေးလိုက်ရ၏။ ဤသို့ ကဗ္ဗည်းထိုး၍ ၂ဝဝ၄ ခုနှစ်ကို အဆုံးသတ်လိုက်ရ၏။ ထားတော့….။

၂ဝဝ၉ ခုနှစ် မေလအတွင်း၌ ပြင်သစ်နိုင်ငံအခြေစိုက် နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့ (MSF) က ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငဒေသတွင် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ပေးနေသည့် MSF ဖန်ငရုံးခွဲကို ရုပ်သိမ်းတော့မည်ဟု ထုတ်ပြန်ကြေညာလိုက်၏။ သတင်းက …. MSF ၏ ကျန်းမာရေး စောင့်ရှောက်မှုအောက်၌ ရှိနေကြသည့် ဖန်ငဒေသရှိ TB, HIV/AIDS ဝေဒနာသည်များအတွက်မူ သတင်းဆိုး….။ ဝေဒနာရှင်များအတွက် ဆောက်တည်ရာမရ ဖြစ်စေမည့်သတင်း….။ MSF ၏ ကျန်းမာရေးစောင့်ရှောက်မှုက ….. ဆေးဝါးအပြင်၊ အစားအစာကိုပါ ထောက်ပံ့၏။ MSF ၏ ကျန်းမာရေး စောင့်ရှောက်မှု ခံယူကြသည့်သူများက အများအားဖြင့် မြန်မာနိုင်ငံသားများ ဖြစ်ကြ၏။ အလုပ်ပင်ပန်းသည့်ဒဏ်….။ လိင်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများကြောင့် TB ရောဂါနှင့် HIV/AIDS ဝေဒနာများ စွဲကပ်နေကြရပြီး …. အမိမြေသို့လည်း မပြန်နိုင်၊ ယခင်ကကဲ့သို့ အလုပ်အကိုင်များလည်း မလုပ်ကိုင်နိုင်သည့် ဝေဒနာသည်အဖြစ်သို့ ရောက်နေကြရသည့်သူများ….။

MSF က ဝေဒနာသည်များကို ပုံမှန် ဆေးထုတ်ပေး၏။ အစားအသောက်များလည်း ထုတ်ပေး၏။ TB ရောဂါပျောက်ဆေးနှင့် HIV/AIDS အတွက် ARV ဆေးများဟူသည်က ….. ပုံမှန် နေ့စဉ်သောက်ရသည့် ဆေးဝါးများ ဖြစ်သည်။ ပျက်၍မရ…။ လိပ်ပတ်လည်အောင် သောက်သုံးကြရသည့် ဆေးများဖြစ်သည်။ အပြင်ဆေးဆိုင်များတွင် ဝယ်ယူ၍ သောက်သုံးရန်မှာ …. အလုပ်အကိုင်မရှိ၊ မိသားစုမရှိ၊ ဆွေမဲ့၊ မျိုးမဲ့ …. ဝေဒနာသည်များအတွက် မည်သို့မျှ မဖြစ်နိုင်သည့်အခြေ….။ ဤသို့သော အခြေအနေတွင် MSF ဖန်ငဒေသမှ ပြန်လည်ရုပ်သိမ်းခြင်းက …. ဖန်ငဒေသရှိ ဝေဒနာရှင်တို့၏ အသိဝိညာဉ်ကို ရုပ်သိမ်းလိုက်ခြင်းပင်….။ ယနေ့ … ဖန်ငဒေသမှ MSF ထွက်ခွာသွားခဲ့လျှင် … မနက်ဖြန်ဟူသည်က …. ဝေဒနာသည်တို့အတွက် မရှိတော့….။ ရှင်သန်ခြင်းသည် ပြိုလဲ၍ ပျက်သုန်းရမည့် အခြေ….။

“အလကားပါဗျာ။ ကျုပ်တို့ကို အသက်ရှည်အောင် ဆွဲဆန့်ပြီး ဒုက္ခပေးသွားတာ”

HIV/AIDS စွဲကပ်နေသည့် ရောဂါသည်တဦး၏ အသံ ….။ သူ၏အသံတွင် ဝမ်းနည်းခြင်း၊ ခံပြင်းခြင်း၊ ဒေါသဖြစ်ခြင်းတို့နှင့် ထွေးယှက်၍ နေသည်။ စိတ်မကောင်းဖွယ်ရာတို့နှင့်။ မတတ်နိုင်…..။

MSF ၏ ဖန်ငဒေသမှ ဆုတ်ခွာမည့် အစီအစဉ်က နှစ်ဆင့်….။ ပထမအဆင့်တွင် ရောဂါဝေဒနာသည်များကို ထောက်ပံ့ပေးနေသည့် အစားအစာ ရပ်ဆိုင်းမည်။ ပြီးလျှင် ….. ဆေးဝါးထောက်ပံ့မှု ဖြတ်၍ ဖန်ငဒေသမှ MSF အနေနှင့် အပြီးသတ်ဆုတ်ခွာမည်။ ပထမအဆင့် အစီအစဉ်မှာပင် …. ရောဂါဝေဒနာသည် လူနာများအတွက် အခက်အခဲအကျပ်အတည်းက ကြီးမားစွာနှင့် ဝင်လာလေပြီ….။

“လူနာတွေကို ရိက္ခာဖြတ်မယ်လို့ ပြောသံကြားကတည်းက တော်တော်လေးကို စိတ်ညစ်နေတယ်။ ကျနော့်ဘက်ကလည်း စားသောက်ရေးအတွက် အလုပ်ထွက်လုပ်ရအောင်လည်း နှလုံးရောဂါရှိနေသေးလို့ ဆရာဝန်က အလုပ်ကြမ်း ပေးမလုပ်သေးဘူး။ အဲဒီတော့ မခက်ဘူးလား။ တကယ်တမ်း ရိက္ခာပေးတော့ ကျုပ်ကို ချန်ထားတော့ စိတ်ထဲ ဘယ်လိုဖြစ်တယ်မသိဘူး။ ထမင်းမှ မစားရရင် သေမှာပဲ။ ဘာဖြစ်လို့ ARV ဆေးတွေ ဆက်သောက်မှာလဲ။ ဆေးသောက်နေလည်း မထူးပါဘူး။ ခင်ဗျားတွေးကြည့်ဗျာ။ ဆေးသောက်ပြီး ထမင်းမစားရရင် ကျုပ်ဘယ်လို ဆက်ပြီး အသက်ရှင်မလဲ။ ဘာထူးမလဲ”

ပင်လယ်ပြင်တွင် နှစ်ပေါင်းများစွာ ‘ရေချူး’ လုပ်ကိုင်ခဲ့သည့် ဝေဒနာသည် တဦးကမူ ……

“အင်း … အဲဒီအသံကြားတော့ ကျနော် အလုပ်ထွက်လုပ်တယ်။ ကိုယ့်စားသောက်စရိတ် ကိုယ်ရှာဖို့ပေါ့။ ကျနော် ဒီတန်းလျားကို မရောက်ခင် ထန်းလမုမှာ လှေလိုက်တယ်။ ကျနော် ကျွမ်းကျင်တာလည်း အဲဒါပဲ။ အခုဆေးက ဆေးရုံမှာ ပုံမှန် ရက်ချိန်းနဲ့ သွားယူနေရတော့ လှေပြန်လိုက်လို့ကလည်း မရဘူး။ တန်းလျားနဲ့နီးတဲ့ ပန်းရံဆိုက်မှာ အလုပ်သွားလုပ်တာ ၂ လရှိပြီ၊ ပိုက်ဆံမရဘူး။ အဲဒီတော့ ဘယ်လိုလုပ်မလဲ။ ကျနော် ပင်ပင်ပန်းပန်းနဲ့ လုပ်ထားတာဗျာ။ သူဋ္ဌေးက လုပ်ခရှင်းမပေးတော့ ဝမ်းနည်းလို့ ငိုမိတယ်။ အသက်ဆက်ရှင်ချင် စိတ်တောင် မရှိတော့ဘူး”

ယခုနှစ် ဇွန်လအတွင်း MSF က …. ဖန်ငဒေသအတွင်းမှ ထွက်ခွာသွားခဲ့လေပြီ။ သို့သော် ….. MSF က ပတ်စာခွာ ဖျာသိမ်းထွက်သွားခြင်းကား မဟုတ် ….။ အစားအသောက်အတွက် ဆက်လက် ထောက်ပံ့နိုင်ရန် စီစဉ်နိုင်ခဲ့ခြင်း မရှိစေကာမူ ... ARV ဆေးဝါးများကိုက တသက်စာအတွက် ထိုင်းဆေးရုံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့၏။ ပြီးလျှင် ... World Vision မှ လူနာများကို ထိုင်းဆေးပေးခန်းနှင့် ဆေးရုံများတွင် ဆေးဝါးထုတ်ယူရန်အတွက် လမ်းစရိတ်နှင့် နောက်ဆက်တွဲ ရောဂါများကို တာဝန်ယူ ဆောင်ရွက်ပေးရန် စီစဉ်ပေးခဲ့သေး၏ ...။

MSF ဖန်ငဒေသတွင် ရုံးစိုက်၍ ပြုစုစောင့်ရှောက်မှု ရှိနေသည့် အချိန်များတွင်လည်း ဖန်ငဒေသရှိ ဝေဒနာသည် မြန်မာများအတွက်က ….. ချောမွေ့အဆင်ပြေနေခဲ့သည်တော့ မဟုတ် ….။ အခက်အခဲမျိုးစုံကို ရင်ဆိုင်၍ နေရသည်ပင် …..

“ဟိုနေ့က ဆေးရုံကို ရက်ချိန်းစေ့လို့သွားတာ ရဲက ဖမ်းသွားတယ်။ ရဲစခန်းမှာ အကြာကြီးပဲ ထိုင်နေရတယ်။ ဘယ်သူ့ ခွင့်ပြုချက်ရှိလဲ၊ ဆရာဝန်ထောက်ခံစာ ပါလားလို့လည်း မေးတယ်။ ဆေးရုံက ခဏခဏ ချိန်းတာ လွယ်တယ်။ ဒါပေမဲ့ ကျနော်တို့မှာ သွားရလာရတာ ခက်ခဲတယ်။ ကျနော် ဆေးအလွယ်တကူ မရရင် မသောက်တော့ဘူး”

ဆေးရုံဝန်ထမ်းအချို့ကြောင့် စိတ်မသက်မသာ ဖြစ်ရသည်လည်း ရှိ၏။

“ကျနော် ဒီနေ့ ဆေးရုံမှာ ဆေးသွားထုတ်တယ်။ ထိုင်းဆရာဝန်က ၂ လစာပေးဖို့ ပြောတာကို “ဒီယမ်” က တလစာပဲ ထုတ်ပေးလို့ ပြောတယ်။ ဆရာဝန်ကလည်း လက်မှတ်ထိုးလိုက်တယ်။ တကယ်တမ်းပေးတော့ ကျနော့်ကို တပတ်စာပဲ ပေးလိုက်တယ်။ ၃ ရက်နေ့မှာ ပြန်လာဖို့ နောက်တကြိမ် ခေါ်တယ်။ ကျနော် ထပ်မသွားနိုင်တော့ဘူး။ လမ်းခရီးမှာ ရဲဖမ်းခံရမှာလည်း စိုးရိမ်တယ်။ နောက်ပြီး လမ်းစရိတ်လည်း မရှိတော့ဘူး။ တော်ပြီဗျာ။ သေချင်သေပစေတော့၊ ဆေးသွားမယူတော့ဘူး။ ဒီနေ့တောင် ဆေးမသောက်ဘူး”

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်က ၂ဝဝ၅ ခုနှစ်အတွင်း FOREIGN AFFAIR မဂ္ဂဇင်း၌ “In Larger Freedom” အမည်နှင့် ဆောင်းပါးတပုဒ်ရေး၏။ ဆောင်းပါးကို ….“ ဒီနေ့ ကမ္ဘာမှာ အန္တရာယ်အကြီးဆုံး ခြိမ်းခြောက်မှုက ဘာဖြစ်မလဲ” …. ဟူ၍ မေးခွန်းနှင့် စ၏။ အမေးခံရသည့် ပုဂ္ဂိုလ်၏ ဘဝကွဲပြား၍ အဖြေသည်လည်း ခြားနားလိမ့်မည်ပင် ….။

ဤမေးခွန်းကိုပင် …. ဖန်ငဒေသမှ HIV/AIDS ဝေဒနာသည် မြန်မာတဦးကို မေးခဲ့လျှင် ….. သူတို့၏ အဖြေများက ….. မည်သို့ပေးကြလိမ့်မည်နည်း ….။ စိတ်ဝင်စားစရာပင် ….။

‘ရေချူး’ = ငါးဖမ်းစက်လှေများပေါ်တွင် ဦးစီးသူ

No comments:

Post a Comment