ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, December 20, 2009

မြန်မာ အလုပ်သမား ၂ ဦးကို ထိုင်းဝန်ထမ်းများ နှိပ်စက်၍ ဆန္ဒပြမှုဖြစ်

ဘစောတင်
ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ Top Form Brassier Mae Sot Co. Ltd အမျိုးသမီးအတွင်းခံ အင်္ကျီ ချုပ်စက်ရုံတွင် ယမန်နေ့ည(၁၁)နာရီခန့်က ထိုင်းလူမျိုး စက်ရုံလုံခြုံရေးဝန်ထမ်းများနှင့် မြန်မာအလုပ်သမား များ ခိုက်ရန်ဖြစ်ပွားမှုမှစတင်ပြီး ယင်းစက်ရုံရှိ အလုပ်သမား ၃၀၀၀ ကျော်က ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ် ကြောင်း သတင်း ရရှိသည်။

အဆိုပါစက်ရုံမှ အလုပ်သမား မသက်မာစိုး၏ အစ်ကိုဖြစ်သူ ကိုသက်ပိုင်စိုးနှင့် ဝေါကြီး ဆိုသူတို့အား ထိုင်း လူမျိုး စက်ရုံလုံခြုံရေးဝန်ထမ်း(ယန်း) ၄ ဦးက ရန်စ ထိုးနှက်မှုမှ စတင်၍ ခိုက်ရန်ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ယင်းစက်ရုံမှ မျက်မြင်သက်သေတဦးဖြစ်သူ ကိုထွန်းထွန်းက ပြောသည်။

“မနေ့က ယန်း ၄ ယောက် ကနေ သူတို့နှစ်ယောက်ကို အသေလုပ်တာ၊ ဝေါကြီးကို အနိုင်ကျင့်ရန်စပြီး ထိုး တယ်၊ ရိုက်တယ်ဗျာ၊ ပြီးတော့ လက်ထိပ်ခတ်တယ်၊ ရင်ဝကို ကန်တယ်၊ ဓားနဲ့ထိုးတယ်၊ အနီးအနားက လူ တွေကိုလည်း မလာနိုင်အောင် ခဲလုံးတွေနဲ့ပေါက်ထုတ်တယ်၊ အနားကို ကပ်လို့မရဘူး”ဟု ၎င်းက ပြောပြသည်။

ယမန်နေ့ညက နှစ်သစ်ကူးအခမ်းအနားအတွက် အက တိုက်နေရာသို့ ကိုသက်ပိုင်စိုးနှင့် ဝေါကြီး တို့က ဗီဒီယို အောက်စက် လာပို့သည်ကို ယခုကဲ့သို့ လုံခြုံရေးများက ရန်စပြီး ခိုက်ရန်ဖြစ်ပွားရခြင်းဖြစ်ကြောင်း စက်ရုံ အလုပ်သမ မအေးချိုကလည်းပြောသည်။

“ညက သက်မာစိုးရဲ့ အစ်ကို သက်ပိုင်စိုးနဲ့ သူငယ်ချင်း ကိုဝေါကြီးတို့ အကတိုက်တဲ့ နေရာကို ဗီဒီယို အောက် စက်လာပို့တာ၊ အကတိုက်နေတဲ့ စက်ကမကောင်းလို့၊ အဲဒီအချိန်မှာ ယန်းတွေကရန်လုပ်ပြီး ဓားနဲ့ ထိုးလိုက် တယ်၊ ကိုသက်ပိုင်စိုးကတော့ ထွက်ပြေးလို့လွတ်သွားတယ်၊ သူလည်း ဒဏ်ရာတွေရ သွားလို့အခု မြ၀တီ မှာ ဆေးရုံ တင်ထားရတယ်”ဟု ၎င်းကဆိုသည်။

ဓားထိုးခံရသူ အသက်(၂၉)နှစ် ၀န်းကျင်ရှိ ဝေါကြီး သည် ဒဏ်ရာပြင်းထန်စွာရရှိပြီး မဲဆောက်ဆေးရုံတွင် ဆေးကုသမှုခံယူရကြောင်း၊ ၎င်းကို ပဲခူးတိုင်း ဝေါမြို့ နယ်သားဖြစ်၍ ဝေါကြီးဟုခေါ်ကြကြောင်း၊ ကိုသက်ပိုင်စိုး အသက်(၂၂)နှစ်နှင့် မသက်မာစိုးတို့မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှ ဖြစ်ကြောင်း သိရ သည်။

ယခုအမှုနှင့်ပတ်သက်၍ ကိုသက်ပိုင်စိုး၏ မိခင် ဒေါ်မခိုင်က မဲဆောက် ရဲစခန်းတွင် အမှုဖွင့်လိုက်ပြီဟု ပြောပြ သည်။

“ကျမသားလေးနဲ့ သူ့ သူငယ်ချင်းကို စက်ရုံ လုံခြုံရေးတွေက ဒီလို အသက်ကိုရန်ရှာတာကိုတော့ ကျမအရမ်း ခံပြင်းတယ်၊ ကျမသားလေးက အခု မြ၀တီဆေးရုံမှာ တက်နေရတယ်၊ သမီးလေးလည်း အရမ်းကြောက်နေ တယ်၊ ဒါကြောင့် မဲဆောက်ရဲစခန်းမှာ အခုအမှုလာဖွင့်နေတာ”ဟု ဒေါ်မခိုင်က ပြောဆိုသည်။

ယင်း ခိုက်ရန်ဖြစ်ပွားရာတွင် စတင် ရန်ရှာသော လုံခြုံရေး ၀န်ထမ်း ၄ ဦးကိုလည်း ရဲကခေါ်ယူ ထိန်းသိမ်း၍ စစ်ဆေးနေကြောင်း သိရသည်။

မဲဆောက်ရဲစခန်းမှ ရဲအရာရှိ တဦးက“ကျနော်တို့ အမှုမှန်ပေါ်ဖို့  လုံခြုံရေးဝန်ထမ်းတွေရော မျက်မြင်သက် သေ တွေကိုပါ ခေါ်ယူစစ်မေးနေပါတယ်၊ အမှုမှန်ပေါ်အောင် ကျနော်တို့ ဆောင်ရွက်သွားပါမယ်”ဟုပြော သည်။

ယနေ့တွင် မဲဆောက်ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ဝေါကြီး နှင့် မြ၀တီတွင် ဆေးကုသနေသော ကိုသက်ပိုင်စိုးတို့ကို လုံခြုံရေးအရ လည်းကောင်း၊ ဖြစ်ပွားသည့် ပြဿနာမှာ အလုပ်သမား ဆန္ဒပြသည်အထိ ကြီးထွားလာသောကြောင့် လည်းကောင်း အမှုဖြေရှင်းရန်အတွက် မဲဆောက် ရဲစခန်းတွင် ခေါ်ယူ ထိန်းသိမ်း ထားသည်ဟု ယင်းအမှုကို ကူညီဆောင်ရွက်ပေးနေသော မဲဆောက်မြို့ရှိ People Volunteer Association (PVA) အဖွဲ့ ခေါင်းဆောင် ကိုသိန်းဆန်းက ပြောဆိုသည်။

“ပြဿနာက ကြီးလာလို့ သူတို့ ၂ ဦးလုံးကို မဲဆောက် စခန်းမှာခေါ်ထားတယ်၊ အခုကိစ္စက၂ ခုဖြစ်နေတယ်၊ နောက်တခုက အလုပ်သမားတွေဘက်က သူတို့နစ်နာ ဆုံးရှုံးနေတာတွေကို တောင်းဆိုမှုဖြစ်တယ်၊ ထိုင်း အာဏာပိုင်တွေကလည်း ထောင်နဲ့ချီတဲ့ အလုပ်သမားတွေကြားထဲ ဘယ်လို ၀င်ရမှန်းမသိလို့ ဂိတ်တွေမှာ ပိတ်ပြီး စောင့်နေကြတယ်”ဟု ၎င်းက ဆိုသည်။

အလုပ်သမားများက တရားခံကိုဖော်ထုတ်ပေးရန်၊ အလုပ်သမားများ၏ အခွင့်အရေးကိုပေးရန် စသည့် တောင်းဆိုချက်များကို တောင်းဆိုထားကြောင်း၊ စက်ရုံအနီးတွင် ထိုင်းစစ်သားများ၊ နယ်ခြားစောင့်ရဲများနှင့် ထိုင်းရဲများက စောင့်ကျပ်လျက်ရှိကြောင်း သိရသည်။

ကိုသိန်းဆန်းက“အခု တာ့ခ် ခရိုင် ရဲမှူး ပြောတာကတော့ စက်ရုံကို သုံးရက်ပိတ်ထားမယ်၊ တရားခံကို မရ ရအောင် ဖော်ထုတ်ပေးမယ်လို့ ကတိပေးထားတယ်၊ ကျနော်တို့လည်း ကိုယ့်အလုပ်သမားတွေကို စနစ်တကျ တရားဥပဒေ လမ်းအတိုင်း ဆောင်ရွက်ဖို့ ကူညီပေးနေတယ်”ဟုပြောသည်။

အလုပ်သမားများတောင်းဆိုမှုအတွက် စက်ရုံ အလုပ်ရှင်ကို ၃ ရက် အချိန်ပေးထားပြီး အလုပ်သမားများ ဘက် မှ ဆောင်ရွက်ရန် ကိုယ်စားလှယ် ၅ ဦး ရွေးချယ်ထားသည်ဟုလည်း ဆိုသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် စက်ရုံပေါင်း (၃၀၀) နီးပါးခန့်ရှိပြီး မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ရှိကြောင်း သိရသည်။

နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ဖြစ်သော ဒီဇင်ဘာလ ၁၈ ရက် ယမန်နေ့ကပင် ထိုင်းနိုင်ငံ ဖစ်ကျပို ခရိုင် စမုန်တောမြို့ ရှိ SARA FARM ကုမ္ပဏီ ကြက်သားထုတ်လုပ်ရေး စက်ရုံမှ မြန်မာအလုပ်သမား ၅၀၀၀ ခန့် သည် ၄င်းတို့ နစ်နာဆုံးရှုံးနေသော အခွင့်အရေးများကို တောင်းဆို ဆန္ဒပြကြရာ အလုပ်ရှင်ဘက်မှ လိုက်လျောမှုများ ရရှိခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

အလုပ်ရှင်က လိုက်လျှောမည်ဟု ကတိပေးသည်များမှာ(၁) တနေ့လျှင် အလုပ်ချိန် (၈)နာရီ သတ်မှတ်မည်။ (၂) အချိန်ပို တနာရီလျှင် ဘတ်(၃၀) ပေးမည်။ (၃) အလုပ်သမားကတ်ပြား ရလျှင် ကိုင်ဆောင်ခွင့်ပြုမည်။ (၄) အစိုးရရုံးပိတ်ရက်များတွင် အလုပ်သမားများကို အလုပ်နားခွင့်ပေးမည်။ (၅) ယာယီ နိုင်ငံကူးလက်မှတ် လုပ်ရန် အတွက် ဖိအားပေးခြင်းမပြုလုပ်ရန် တို့ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား၂ သန်းခွဲနှင့် အထက်ရှိမည်ဟု အလုပ်သမားအရေးဆောင် ရွက်နေသော အဖွဲ့အစည်းများက ခန့်မှန်း ပြောဆိုကြသည်။

No comments:

Post a Comment