ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, December 1, 2009

နာဂစ်ဒဏ်သင့် လယ်မြေ (၄၀) ရာခိုင်နှုန်းသာ စိုက်ပျိုးထုတ်လုပ်နိုင်

မေကျော်
နာဂစ်ဒဏ်သင့်သည့် ဧရာဝတီတိုင်းတွင် လယ်ယာမြေ (၄၀) ရာခိုင်နှုန်းသာ ယခု မိုးစပါးရာသီ၌ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက ပြောသည်။

၂၀၀၈ ခုနှစ် မေလက ဖြစ်ပွားခဲ့သော နာဂစ်ဒဏ်သင့် ဧရာဝတီတိုင်းမှ မြို့နယ် (၄) ခုနှင့် ရန်ကုန်တိုင်း မြို့နယ် (၅) ခုတွင် လယ်ယာလုပ်သား၊ ကျွဲနွား၊ မျိုးစပါး၊ ငွေကြေးအခက်အခဲတို့ကြောင့် မူလစိုက်ဧက၏ (၄၀) ရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

“အဓိကက လယ်လုပ်သား ရှားတာ။ နောက် ကျွဲနွားရှားတာ။ မျိုးစပါးနဲ့ အရင်းအနှီးကတော့ ရှာမယ်ဆို ရှာလို့ ရသေးတယ်။ စိုက်ဧကလည်း လျော့တယ်။ အထွက်လည်း လျော့တယ်။ ဒီကြားထဲ ကြွက်က ၀င်ဖျက်သေးတယ်” ဟု ခရိုင် စိုက်ပျိုးရေးအရာရှိက ပြောကြားသည်။

နာဂစ်ကြောင့် လူပေါင်း (၁) သိန်း (၄) သောင်းကျော် သေဆုံးခဲ့ရာတွင် လယ်ယာလုပ်သား အများအပြား ပါဝင်ခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ ဒေသခံများကလည်း နေရာရွှေ့ပြောင်း အခြေချမှုများကြောင့် နာဂစ်ဒဏ်သင့်ဒေသတွင် စပါးစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ စပါးစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာသည့်အပြင် စပါးဈေး မတန်တဆ နိမ့်ကျခြင်းကလည်း နောင်နှစ် စပါးစိုက်ပျိုး ထုတ်လုပ်မှုကို ထိခိုက်လာနိုင်ကြောင်း ခရိုင်စိုက်ပျိုးရေးအရာရှိက သုံးသပ်သည်။

စပါးထုတ်လုပ်မှု ကျဆင်းလာခြင်းကြောင့် စစ်အစိုးရက ဆန် ပြည်ပတင်ပို့ခွင့်ကို စိစစ်နေပြီး ဆန်စပါး အထူးပြု ကုမ္ပဏီကြီးများကလည်း ဆန်တင်ပို့ခွင့်ရရန် တင်ပြတောင်းခံနေကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း လယ်မြေ ဧက (၉) သိန်းခန့်ရှိသည့်အနက် နာဂစ်ဒဏ်သင့်ဒေသများက ထက်ဝက်ကျော်ရှိကြောင်း၊ ယခုနှစ် နွေစပါးရာသီတွင် တောင်သူများကို စနစ်တကျ ပြန်လည်ထူထောင်ရေးအစီအစဉ် ချမှတ်မပေးပါက မြန်မာ့ စပါးထုတ်လုပ်မှု ဆက်တိုက်လျှော့ကျလာဖွယ်ရှိကြောင်း ဘိုကလေးဒေသခံ ဆန်စက်လုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “ဘိုကလေး တခုတည်းတင် လယ်ဧက (၃) သိန်းကျော်ရှိတယ်။ အခု နွေစပါးကို စနစ်တကျ လုပ်နိုင်အောင် တောင်သူတွေ စိုက်နိုင်အောင် လုပ်မပေးဘဲ ဆောင်းသီးနှံတဲ့ လုပ်ခိုင်းနေတယ်” ဟု ပြောသည်။

No comments:

Post a Comment