ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, December 9, 2009

မြန်မာ့ဇာတ်သဘင်ပွဲပျောက်ပျက်တော့မည်လော ပွဲကခွင့် ပါမစ်ကြေးတိုးမြှင့် (၁၀) သိန်းပေးနေရ ပိုက်ဆံမပေးနိုင်လို့ ပွဲဖျက်ရ

ဝီရ
မြန်မာပြည်တောင်ပိုင်း မြို့ရွာများတွင် ဇာတ်သဘင်ငှားရမ်းပြီး ပွဲတော်ကျင်းပရန် သက်ဆိုင်ရာ မြန်မာအာဏာပိုင်တို့ထံ ပါမစ် တောင်းခံရာ၌ ယမန်နှစ်ကထက် ကုန်ကျစရိတ် (၅) ဆ ပိုလာ၍ ပွဲငှားသူရော ဇာတ်အဖွဲ့များပါ အခက်တွေ့နေကြသည်။

“အခု ဇာတ်ပွဲတွေငှားရင် ခွင့်ပြုချက်ကို သက်ဆိုင်ရာ နယ်မြေခံတပ်ရင်းသာမက မြို့နယ်အုပ်ချုပ်ရေးရုံးတွေဆီ သွားတင်ရတယ်။ အဲဒီမှာ အဖွဲ့ပေါင်းစုံဆီကနေ ထောက်ခံစာရဖို့ (၁၀) သိန်းအထိ ကုန်တယ်။ အဲဒီမှာ ပွဲငှားတဲ့ဘက်က မတတ်နိုင်လို့ ပွဲငှားခ စရန် အဆုံးခံလိုက်ရင်၊ မငှားဖြစ်တော့ရင် ဇာတ်အဖွဲ့တွေပါ ဒုက္ခရောက်ကုန်တာပေါ့။ တချို့က စီစဉ်ပြီးမှ အဲဒီပါမစ်အတွက် ပိုက်ဆံမပေးနိုင်လို့ ပွဲဖျက်လာတာလည်း ရှိတယ်” ဟု ဇာတ်သဘင် မန်နေဂျာတဦးက ပြောသည်။

မြို့ရွာများတွင် ပွဲတော်ကျင်းပခွင့် ပါမစ်ကို ယခင်က နယ်မြေခံ စစ်တပ်တပ်ရင်းတို့ထံ၌သာ တောင်းခံပြီး ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် မြို့နယ်အဆင့် အုပ်ချုပ်ရေးရုံးအထိ ပါမစ်တင်တောင်းရကြောင်း အဆိုပါဇာတ်သဘင် မန်နေဂျာက ပြောသည်။

“ပိုကုန်သွားတာက မြို့နယ်ကို သွားတင်ရင် မြို့ရွာလူကြီး ထောက်ခံစာ၊ နယ်မြေခံတပ်ရင်း၊ ရဲ၊ စရဖ၊ မော်တော်ယာဉ် ထိန်းသိမ်းရေးတွေရဲ့ ထောက်ခံစာတွေ ယူရတယ်။ အရင်က နယ်မြေခံတပ်နဲ့ အဲဒီပါမစ်အတွက် (၂) သိန်းလောက်ပဲ ကုန်တယ်” ဟု ၎င်းက ပြောသည်။

မြန်မာပြည်တောင်ပိုင်းတွင် ကပွဲဖျော်ဖြေနေသည့် ဇာတ်သဘင်အဖွဲ့ပေါင်း (၃၀) ကျော်ရှိပြီး ယခုအခါ ပွင့်လင်းရာသီ ငှားရမ်းချိန် ရောက်လာသော်လည်း ဇာတ်ပွဲငှားရမ်းသူ နည်းပါးလာ၍ အချို့ဇာတ်အဖွဲ့တို့ ရပ်နားရသည့်အခြေအနေအထိ ရောက်နေကြောင်း၊ ပွဲငှားရမ်းချိန် (၃) လ ကျော်လွန်လာသော်လည်း အချို့ဇာတ်ပွဲများမှာ ငှားရမ်းကရသည့် ညပေါင်း (၁၀) ညကျော်သာ ရှိသေးကြောင်း သိရသည်။

အချို့ဇာတ်ပွဲတို့က မြန်မာစစ်တပ်၊ ဒီကေဘီအေ၊ မွန်ခွဲထွက်အဖွဲ့ စသည့် သက်ဆိုင်ရာ အာဏာပိုင်တို့နှင့် ပူးပေါင်း၍ ရက်ရှည်ပွဲတော်သဘောမျိုး ပြသ၍ နောက်ကွယ်တွင် လောင်းကစားဝိုင်းဖွင့်ကာ ထိုအခွန်ငွေတို့မှ ရရှိသည့် ဝေစုအနည်းငယ်ဖြင့် ရပ်တည်နေရကြောင်း သိရသည်။

မြို့ရွာများတွင် ကျင်းပနေသည့် ပွဲတော်များသည်လည်း လောင်းကစားဝိုင်းများမှ ကောက်ခံရရှိသည့် အခွန်ငွေဖြင့် ပွဲငှားရမ်းခ ပေးဆောင်ကြ၍ ပွဲတော်ကျင်းပခွင့် ပါမစ် လျှောက်တင်ရာ၌ လောင်းကစားဝိုင်းပါ ဖွင့်လှစ်ခွင့်ပေးရန် ထည့်သွင်းတင်ပြရသဖြင့် အာဏာပိုင်တို့က ပိုမိုငွေညှစ်လာကြောင်း ကျေးရွာရိုးရာပွဲတော်အတွက် ပါမစ်သွားရောက် လျှောက်ဖူးသူတဦးက ပြောသည်။

“စီးပွားရေး ကျပ်တည်းလာကြတော့ ပွဲကျင်းပလို့ ဇာတ်အဖွဲ့ငှားရရင် လောင်းကစားဝိုင်းပါ လုပ်ခွင့်ပေးမှ အဆင်ပြေတယ်။ ဒါမှ မဟုတ်ရင် ပွဲငှားခအတွက် ရှာစရာမရှိဘူး။ ပွဲငှားခက တညကို (၄) သိန်းကနေ (၈) သိန်းအထိ ကုန်တယ်။ ဒါကြောင့် အခု ဖြစ်နေတာက လောင်းကစားဝိုင်းဖွင့်ခွင့် မပေးရင် ပွဲမဖြစ်တော့ဘူးပေါ့” ဟု ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့ ပါမစ်အတွက် ကုန်ကျမှုများပြားသော်လည်း ပွဲခင်းလုံခြုံရေး တာဝန်ယူသူ အများစုမှာ စစ်တပ်က မဟုတ်ဘဲ မြို့ခံ၊ ရွာခံ၊ မီးသတ်အဖွဲ့နှင့် အခြားလူမှုရေးအဖွဲ့အစည်းတို့ကသာဖြစ်ကြောင်း အဆိုပါပွဲငှားသူက ဆိုသည်။

ဇာတ်ပွဲငှားရမ်းမှု နည်းပါးလာခြင်းမှာ ပြည်သူတို့၏ စီးပွားရေး အဆင်မပြေခြင်း၊ ဇာတ်သဘင်တဖွဲ့၏ ရင်းနှီးငွေ အနည်းဆုံး ကျပ်ငွေ သိန်း (၄၀၀) ရှိသော်လည်း ဇာတ်သဘင်တို့၏ ဆန်းသစ်တီထွင်နိုင်မှု အားနည်းလာခြင်း၊ ပရိသတ်အမြင်တွင် ရိုးအီနေ၍ စိတ်ဝင်စားမှု လျော့နည်းလာခြင်းတို့ကြောင့်ဖြစ်ကြောင်း ဇာတ်သဘင်လောကသားတို့က ရှုမြင်ကြသည်။

No comments:

Post a Comment