ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, December 17, 2009

လှိုင်သာယာမြို့နယ်စက်မှုဇုန် (၃) တွင် အလုပ်သမားများ လုပ်အားခ တိုးမြှင့်တောင်းဆို

မျိုးချစ်သူ
လှိုင်သာယာမြို့နယ် စက်မှုဇုန် (၃) ရှိ Weng Hong Hung အထည်ချုပ်စက်ရုံနှင့် ဆန်နီ ဖိနပ်စက်ရုံတို့တွင် အလုပ်သမားများ လုပ်အားခတိုးမြှင့်တောင်းဆိုမှုများ ဖြစ်ပွားနေကြောင်း လှိုင်သာယာမြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အဆိုပါတောင်းဆိုမှုများကို ဆန်နီဖိနပ်စက်ရုံက ပြီးခဲ့သည့် (၃) ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး မည်သို့ဆောင်ရွက်မည်ကို စက်မှုဇုန်စီမံခန့်ခွဲရေး၊ ပြည်ထဲရေးနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့က ဆောင်ရွက်နေကြောင်း အဆိုပါပြောခွင့်ရသူက ပြောကြားသည်။

ယနေ့တွင် Weng Hong Hung အထည်ချုပ်စက်ရုံမှ အလုပ်သမားများက နံနက် (၈) နာရီမှ စတင်ကာ လုပ်အားခတိုးမြှင့် တောင်းဆိုမှုများကို ဆက်လက်ပြုလုပ်ကြကြောင်း လှိုင်သာယာစက်မှုဇုန်မှ မြို့နယ်အုပ်ချုပ်ရေးအရာရှိတဦးက ပြောသည်။

၎င်းက “အလုပ်သမားတွေက လစာကို အဓိကတောင်းဆိုကြတာ။ ဆန်နီ ဖိနပ်စက်ရုံနဲ့ Weng Hong Hung အထည်ချုပ် စက်ရုံမှာဖြစ်တာပါ။ သူတို့တောင်းတဲ့ လုပ်အားခကို အလုပ်ရှင်က ပေးနိုင်မယ် မထင်ဘူး။ စက်ရုံကို ပိတ်ရမယ့် အခြေအနေတောင် ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

အလုပ်သမားများ၏ လစာနှင့် တောင်းဆိုချက်အတိအကျများကို ထုတ်ဖော်မပြောဆိုသော်လည်း လုပ်အားခအတွက် တောင်းဆိုခြင်းဖြစ်သည်ဟု ယင်းအုပ်ချုပ်ရေးအရာရှိက ပြောသည်။

ယနေ့အထည်ချုပ်စက်ရုံတွင် (၃) ရက်မြောက် တောင်းဆိုကြသည့် အလုပ်သမားအရေအတွက်မှာ (၁,၈၀၀) ခန့်ရှိပြီး နောက်ထပ်စက်ရုံများတွင်လည်း အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက်လာနိုင်သည်ဟု စက်မှုဇုန်မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “လူတွေက ထောင်နဲ့ချီပြီး တောင်းဆိုကြတာ။ လူထုကကြီးတဲ့အတွက် ပြည်ထဲရေးက လုံခြုံရေးတွေလာတယ်။ ဒါပေမယ့် အလုပ်သမားတွေကို ဖမ်းဆီးတာ မရှိဘူး။ တောင်းဆိုတာပဲ ဖြစ်တဲ့အတွက်ပါ” ဟု ပြောသည်။

အလုပ်သမားများသည် ယနေ့နံနက် အလုပ်ဆင်းချိန်တွင် တစုတည်းဖြစ်နေကြပြီး စက်ရုံသို့မ၀င်ခင်တွင် ဂိတ်ပေါက်၌ စုရုံးတောင်းဆိုကြခြင်းဖြစ်ကြောင်း၊ လူအုပ်များသဖြင့် အနည်းငယ် ရုတ်ရုတ်သဲသဲဖြစ်ကာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက အလုပ်သမားများနှင့် ညှိနှိုင်းနေကြကြောင်း အဆိုပါစက်မှုဇုန်မှ တာဝန်ရှိသူက ပြောသည်။

လှိုင်သာယာစက်မှုဇုန်တွင် စက်ရုံအလုပ်ရုံပေါင်း (၈၀၀) ကျော်ရှိပြီး (၅၀၀) ခန့်မှာ လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊ သို့သော် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်ကပင် လုပ်ငန်းများမကောင်း၍ အထည်ချုပ်စက်ရုံအပါအ၀င် အချို့စက်ရုံများ လုပ်ငန်းရပ်နားခဲ့ရ ကြောင်း၊ ယမန်နှစ်ကလည်း ကမ္ဘာ့စီးပွားရေးကပ်ကြောင့် စက်ရုံများ ပိုမိုအခက်တွေ့ခဲ့ရကြောင်း စက်မှုဇုန်မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါစက်မှုဇုန်တွင် စက်ရုံများကို မှီခိုလုပ်ကိုင်စားသောက်နေကြသော အလုပ်သမားပေါင်း (၅) သောင်းကျော်ရှိပြီး နယ်မှလာရောက်လုပ်ကိုင်သူများဖြစ်ကာ လုပ်အားခမှာ စက်ရုံတခုနှင့်တခု မတူညီကြောင်း သိရသည်။

No comments:

Post a Comment